အားကစားသတင်းများ

ဂျူးဒက်စ် - ဘရုတပ်စ် ပြီးတော့ ရော်ဘင် ဗန်ပါစီ

blog image

December 10, 2024

ရော်ဘင် ဗန်ပါစီ။ ဒတ်ချ် အမည်ပေး ထုံးတမ်းစဉ်လာအရဆိုရင် သူ့နာမည်ရဲ့ ဆိုလိုရင်းက ပါစီ မှ ရော်ဘင်ပေါ့။ ပါစီဆိုတာကလည်း ပါးရှန်းနွယ်ဖွားတွေကို ဆိုလိုတာ။ ဆိုတော့ ပါရှန်းနွယ်ဖွားမျိုးရိုး ကနေ ဆင်းသက်လာတဲ့ ရော်ဘင်ဆိုပါတော့။ သူ့အကြောင်းက ဒင်္ဂါးတစ်ခုလို ဟိုဖက်သည်ဖက် အမြဲ ကွဲလွဲနေဦးမှာ နောင်လည်း ရပ်တန့်သွားဖို့မမြင်။ မင်းတို့ဖက်က ကြည့်တော့ ဗီလိန်၊ ငါတို့ဖက်က ကြည့်တော့ သူရဲကောင်းဆိုတဲ့ စကားလိုပေါ့လေ။


ဖီယင်နုကနေ ဘဝစခဲ့တဲ့ ဗန်ပါစီဟာ ၂၀၀၄ ကတည်းက အာဆင်နယ်ကိုရောက်လာခဲ့တာပါ။ အာစင် ဝင်းဂါးကြီးရဲ့ စီမံကိန်းဝင်ကစားသမားတစ်ယောက်ဖြစ်ပြီး စိတ်တိုင်းကျ ပြုစုပျိုးထောင် စင်တင်ပေး ဖို့ ကြိုးစားခဲ့တဲ့သူပါပဲ။ ဒဏ်ရာတွေနဲ့ နပန်းသတ်နေခဲ့ရသလို အသင်းကိုရောက်လာခါစကလည်း ပြ ဿနာတွေနဲ့ လုံးပန်းနေရလို့ အာစင်ဝင်းဂါးက အပြည့်အဝ အကာအကွယ်ပေးခဲ့ရပါသေးတယ်။
သူက ယိမ်းနွဲ့တဲ့ ကစားဟန်နဲ့အတူ တိကျတဲ့ ကန်သွင်းချက်တွေ၊ ရွေ့လျားနေရာယူပုံကောင်းမွန်မှု တွေကြောင့် ကျော်ကြားပါတယ်။ ဒါပေမဲ့ သူ့ ပြဿနာက ဒဏ်ရာပြဿနာတော်တော်ကြီးတာပါပဲ။ တော်တော်မှ တော်တော်ကို ကြီးတာပါ။ ဒီကြားထဲကကိုပဲ အာဆင်နယ်မှာ ၂၀၁၂ အထိ ၈ ရာသီ လောက်ကစားခဲ့ပြီး ၁၉၄ ပွဲမှာ ၉၆ ဂိုးသွင်းဆိုတဲ့ စွမ်းဆောင်ရည်မျိုး ပြသထားနိုင်ခဲ့ပါတယ်။
ထိပ်တန်းရောက်တဲ့ စွမ်းဆောင်ရည်မျိုးမဟုတ်တောင် တော်ရုံအားကိုးလို့ရတဲ့အဆင့်ထက်တော့ ပို ခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေသာမရှိရင် ဒီထက်အများကြီးကို ပိုအလုပ်ဖြစ်မှာပါ။ ဒါပေမဲ့ သူက ဒဏ်ရာတွေနဲ့ချည်း ဆက်တိုက်ရုန်းကန်နေရတဲ့အပြင် အဲဒီကာလက အာဆင်နယ်ဟာလည်း ကွင်း သစ်စီမံကိန်းတွေနဲ့ ကစားသမားတွေ တစ်ယောက်ပြီးတစ်ယောက်ထွက်သွား၊ လူငယ်မျိုးဆက်တွေ တသုတ်ပြီး တသုတ်ထွက်ခွါနေတာတွေကြောင့် အောင်မြင်မှုရဖို့ ဝေးကွာနေတဲ့အခြေအနေပါ။
၂၀၁၂ မှာတော့ သူဟာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ စည်းရုံးမှုနဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်း ရွှေ့သွားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ အာဆင်နယ်က ခေတ်တစ်ခုစာလောက် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ဖူး ပေမဲ့ အင်္ဂလန်မှာတော့ တကယ့် မဟာပြိုင်ဖက်ကြီးထဲ မပါပါဘူး။ ရွိုင်ကိန်း-ဗီအဲရာ တို့ ခေတ်မှာ နစ္စတယ်ရွိုင်းကိစ္စတွေ၊ ပွဲ ၅၀ ဆက်ရှုံးပွဲမရှိပွဲမှာ မခံချိမခံသာ ချိုးဖျက်ခံလိုက်ရပြီး ဒိုင်ရဲ့ ကချော်က ချွတ်ဆုံးဖြတ်ချက်တွေ၊ ဖာဘရီဂတ်တို့လက်ထက်မှာ ဆာအဲလက်စ်ကို ပီဇာနဲ့ ဝိုင်းပေါက်ကြတာတွေ၊ ဒါတွေက ခေတ်တစ်ခုအတွင်းမှာ ဖြစ်ခဲ့ပေမဲ့ အစဉ်အလာအရ ယူနိုက်တက်ရဲ့ ပြိုင်ဖက်ကြီးက လီဗာပူးဖြစ်သလို အာဆင်နယ်ရဲ့ ပြိုင်ဖက်ကလည်း လန်ဒန်အသင်းတွေပါ။


ဒါပေမဲ့ ခေတ်ကာလတစ်ခုစာလောက် ပြိုင်ဆိုင်ခဲ့ဖူးတဲ့ အသင်းကို ပြောင်းသွားတာကြောင့် ဗန်ပါစီကို အာဆင်နယ်ပရိသတ်တွေ မကျေနပ်ခဲ့ကြပါဘူး။ အင်္ဂလန်မှာထက် မြန်မာနိုင်ငံမှာတော့ ပိုဆိုးပါလိမ့် မယ်။ မြန်မာနိုင်ငံကို ပရီးမီးယားလိဂ်ရောက်လာတဲ့ ခေတ်ဦးကာလမှာက ယူနိုက်တက်နဲ့ အာဆင် နယ်တို့ အထွတ်အထိပ်ရောက်ပြီး အားပြိုင်နေတဲ့အချိန်တွေကိုး။ ဗန်ပါစီရဲ့အပြောင်းအရွှေ့ထဲမှာ ယူနိုက်တက် ငယ်မွေးခြံပေါက် ဒန်နီ ဝဲလ်ဘတ်ပါဝင်ခဲ့ပေမဲ့ ဒါတွေ ကို ပရိသတ်တွေ မမြင်နိုင်ခဲ့ပါဘူး။ ယူနိုက်တက်မှာမှ ထပြီး ခြေစွမ်းပြနေခဲ့တဲ့ ဗန်ပါစီရဲ့ ခြေစွမ်း တွေကြောင့် သူတို့ အကြာကြီးမွေးယူလာခဲ့ရတဲ့ ကစားသမားတစ်ယောက်က တကယ့်ခြေစွမ်းပြ ချိန်ရောက်တော့ မန်ယူနိုက်တက်ကို ရောက်သွားခဲ့တယ်ဆိုတဲ့ အမြင်မျိုးတွေရှိခဲ့တာပါ။


ဒီနေရာမှာ ထည့်ပြောရရင် ဗန်ပါစီက အင်တာဗျူးတွေမှာ ဖွင့်ပြောခဲ့တာက အာဆင်နယ်က သူ့အ တွက် စာချုပ်ကမ်းလှမ်းမှု ကောင်းကောင်းမရှိခဲ့တာကြောင့် သူ့အနေနဲ့ အပြောင်းအရွှေ့ကို နားစွင့် ခဲ့ပြီး သူ့ကိုခေါ်ချင်နေတာက ယူနိုက်တက်အပြင် ချယ်လ်ဆီးနဲ့ အဲဒီအချိန်မှာ တက်လာနေခါစ မန်စီး တီးတို့ ရှိခဲ့တယ်ဆိုတာပါပဲ။ ဆိုတော့ ဗန်ပါစီက ဆာအဲလက်စ် စည်းရုံးမှုနဲ့ ယူနိုက်တက်ကို ရွေးလိုက် ပါတယ်။ ချယ်လ်ဆီးလို လန်ဒန်ပြိုင်ဖက်အသင်းကိုတော့ သူမရွေးခဲ့သလို အဒီဘာယော၊ ကလစ်ချီ၊ နာဆရီ စတဲ့ကစားသမားတွေတသီကြီးကို ခေါ်သွားဖူးတဲ့ မန်စီးတီးကိုလည်း သူမရွေးခဲ့တာပါ။
နောက်တချက်ကတော့ ယူနိုက်တက်ရောက်မှ သူ ဒဏ်ရာကင်းကင်းနဲ့ ခြေစွမ်းပြတာကို မြင်ရတော့ အခံရခက်တာလည်း သေချာပါတယ်။ ဒါပေမဲ့ ပက်ထရစ် အီဗရာရဲ့ အင်တာဗျူးတွေအရ ဗန်ပါစီကို ဆာအဲလက်စ်က စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ သုံးခဲ့တာလို့ ဆိုလို့ရပါတယ်။ တော်ရုံလေ့ကျင့်ခန်းတွေ ဆိုရင် မဆင်းစေဘဲ ကြံ့ခိုင်မှုနည်းပြနဲ့သာ သီးခြားလေ့ကျင့်စေခဲ့သလို တပတ် ၂ ရက်လောက်သာ အသင်းနဲ့တွဲလေ့ကျင့်စေခဲ့ပါတယ်။ အဲဒီအပြင် လေ့ကျင့်ရေးကွင်းမှာ ဗန်ပါစီကို ကြမ်းကြမ်းတမ်း တမ်း ဝင်လုတာ၊ ဖျက်ထုတ်တာတွေကို တားမြစ်ထားပါသေးတယ်။ သူ ရောက်လာတော့ ဝိန်းရွန်းနီ တို့လို ကစားသမားတွေကအစကိုခေါ် ပြီး ပွဲထဲမှာ ဗန်ပါစီကိုရှာ၊ သူ့ဆီဘောလုံးရောက်အောင်ပေး၊ သူ ဂိုးသွင်းပြီး အကြိမ် ၂၀ မြောက် အင်္ဂလိပ်လိဂ်ဖလားကို ယူပေးလိမ့်မယ်၊ အဲဒါမလုပ်နိုင်တဲ့သူအားလုံး အရံခုံထိုင်ရမယ်လို့ပါ ပြောခဲ့တဲ့အထိပါ။ ဒါကြောင့်လည်း ဒဏ်ရာပြဿနာကို လျှော့ချနိုင်ခဲ့တာဖြစ်မှာပါ။


အဆိုးဆုံးဖြစ်သွားစေတာကတော့ အာဆင်နယ်နဲ့ ပြန်တွေ့တဲ့ စစချင်းတွေမှာ အောင်ပွဲမခံခဲ့ပေမဲ့ သူ့ ဂျာစီတွေကို မီးရှို့တာ ဘာညာလုပ်လာတဲ့အချိန်မှာတော့ ဗန်ပါစီက ဂိုးသွင်းပြီး အောင်ပွဲခံခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ရသွားတာ၊ ရသွားတဲ့အချိန်မှာ အာဆင်နယ်ကွင်းကိုလာပြီး အာဆင်နယ်ကစားသမားတွေက ဂုဏ်ပြုလက်ခုပ်တီးပေးခဲ့ရတာ၊ ဒါမျိုးတွေက မီးထဲကို ဆီလောင်း ထည့်သလို ဖြစ်သွားစေတာပါပဲ။


သမ္မာကျမ်းစာလာ သစ္စာဖောက်တစ်ယောက်ရှိပါတယ်။ ငွေယူပြီး ခရစ်တော်ကို ညွန်ပြခဲ့တဲ့ ဂျူး ဒက်စ် ဆိုပါတော့။ သူ့ကြောင့် ခရစ်တော် ရောမစစ်သည်တွေလက်ထဲရောက်သွားခဲ့ရတာပါ။ သူက မူလတုန်းက သာဓကတွေထဲပါပါတယ်။ အသားထဲက လောက်ထွက်တာပေါ့။ ဒီလိုပဲ ရောမစစ်ဘုရင် ဂျူးလိယက်ဆီဇာက သူ့ ဆီးနိတ်ရဲ့ သဘောထားကို လွန်ဆန်ပြီး လုပ်ချင် ရာတွေလုပ်လာတဲ့အခါ ရောမဆီးနိတ်ထုံးစံအတိုင်း ဒီလိုဘုရင်မျိုးကို ဓါးနဲ့ဝိုင်းထိုးပြီး အဆုံးသတ်ခဲ့ ကြပါတယ်။ အဲဒီလို ထိုးတဲ့အထဲမှာ ဆီဇာ အယုံကြည်ရဆုံး မိတ်ဆွေလည်း ပါခဲ့တာပေါ့။ ဘရုတပ်စ် ပါပဲ။ ဘရုတပ်စ်ကတော့ ဆီဇာရဲ့လုပ်ရပ်တွေကြောင့် ရောမဒုက္ခရောက်လာမှာ စိုးရိမ်လို့ လုပ်ခဲ့ရတာ လို့ တွေးရင်ရပါတယ်။


ဗန်ပါစီကတော့ ဂျူးဒက်စ်လိုလည်း မယုတ်မာသလို၊ ဘရုတပ်စ်လိုလည်း အများအတွက်ဆိုတဲ့ အ ကြောင်းအရင်းမရှိခဲ့ပါဘူး။ သူက သူ့အတွက် အကောင်းဆုံးဖြစ်မှာကို ပရိုတစ်ယောက်အနေနဲ့ ရွေး သွားခဲ့ရုံပါပဲ။ ဒီဆုံးဖြတ်ချက်က သူ့အတွက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြောက်နိုင်စေခဲ့ပါတယ်။ အာဆင်နယ် ပရိသတ်အတွက်ကတော့ ယူနိုက်တက်မှာ ရတဲ့လစာနဲ့ အောင်မြင်မှုတွေဟာ ဂျူးဒက်စ် အိတ်ထဲက ရောမဒင်္ဂါးတွေလို့ မြင်ကြမှာဖြစ်သလို အောင်ပွဲခံပြခဲ့တာ၊ လက်ခုပ်တီးပြီး ဂုဏ်ပြုပေးခဲ့ရ တာတွေက ဘရုတပ်စ်ထိုးတဲ့ နောက်ကျောက ဓါးချက်တွေလို့ ထင်ကြမှာပါပဲ။

ဗန်ပါစီဆိုတဲ့ နာမည်ကိုက အာဆင်နယ်ပရိသတ်အမုန်း နဲ့ ယူနိုက်တက်ပရိသတ်အချစ် နှစ်မျက်နှာ ပါတဲ့ ဒင်္ဂါးတစ်ခုလို ခေါင်းနဲ့ပန်း လည်ပတ်ရင်း ဘောလုံးကမ္ဘာမှာ တွင်ကျန်ရစ်နေဦးမှာပါ။

#mmmedia

Related Sports News