မစ်ဇူဘီရှီဖလား အုပ်စုအဖွင့်မှာတော့ မြန်မာအသင်း အင်ဒိုနီးရှားကို ၀-၁ နဲ့ရှုံးသွားခဲ့ပါတယ်။ စစချင်း ဒီစကားနဲ့ဖွင့်ရတာ သိပ်တော့မကောင်းပါဘူး။ ဒါပေမဲ့ မြန်မာအသင်းရဲ့ နောက်ပိုင်းရလဒ်တွေက လည်း အားလုံးသိတဲ့အတိုင်းဆိုတော့ ပရိသတ်တွေလည်း လက်တော့လက်ခံနိုင်ကြမယ်ထင်ပါတယ်။ ဆိုးသွားခဲ့တာကတော့ ပွဲအပြီးမှာ ကစားသမား မောင်မောင်လွင်နဲ့ ပရိသတ်နဲ့ ဖြစ်ခဲ့တဲ့ ပြဿနာပါ။ ဆိုတော့ ရလဒ်ထက်ကို ပိုဆိုးတဲ့အရှုံးမျိုးပါပဲ။
နည်းပြမျိုးလှိုင်ဝင်းကို စက်တင်ဘာလထဲမှာ မြန်မာအသင်းအတွက် နည်းပြချုပ်ခန့်အပ်ခဲ့တဲ့နောက် သူ နိုင်ပွဲရခဲ့တာကလည်း သီရိလင်္ကာလောက်သာရှိခဲ့ပြီး ကျန်တဲ့ပွဲတွေမှာ ရလဒ်မကောင်းခဲ့ပါဘူး။ အခု ရှုံးခဲ့တဲ့ အင်ဒိုနီးရှားနဲ့ပွဲဆိုရင် အိမ်ကွင်းမှာလုပ်တဲ့ မစ်ဇူဘီရှီဖလား အုပ်စုအဆင့်ပွဲတွေဖြစ်ပါ လျှက်နဲ့ ရှုံးသွားခဲ့ရတာဖြစ်သလို ကိုယ့်ဖက်က အခွင့်အရေးတွေ အစောပိုင်းမှာ အများကြီးရခဲ့ပါ လျက်နဲ့ ဦးဆောင်ဂိုးမရခဲ့တာကိုလည်း တွေ့ရမှာပါ။
မြန်မာအသင်းဟာ အမြဲလိုလိုပဲ ပြည်ပနည်းပြတွေနဲ့အလုပ်မဖြစ်တဲ့အချိန်တိုင်း ပြည်တွင်းနည်းပြ တွေကို အလှည့်ပေးကြည့်လေ့ရှိပါတယ်။ ပြည်တွင်းနည်းပြတွေက ကိုယ့်ကစားသမားကို ပုဂ္ဂိုလ် ရေးအရပါ သိတဲ့လူတွေဆိုတော့ ဘယ်နေရာ ဘယ်လိုသုံးမယ်ဆိုတာကို ပိုရင်းနှီးကျွမ်းဝင်တာ ကြောင့် အစောပိုင်းတော့ အလုပ်ဖြစ်သယောင်ယောင်ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း နိုင်ငံတကာ မှာ ကျင်လည်နေတဲ့ နည်းပြတွေလို နည်းဗျူဟာနဲ့ နည်းစနစ်ပိုင်း မြင့်၊ အတွေ့အကြုံလည်း များတဲ့ သူတွေတောင် မြန်မာအသင်းကို တနေရာပို့ပေးဖို့၊ အောင်မြင်မှုရယူပေးဖို့ အခက်တွေ့လေ့ရှိတာဟာ ဒီထက် အများကြီးကိုပိုတဲ့ အရင်းအမြစ်ကျကျပြဿနာတစ်ခုပါ။
အဲဒီအထဲမှာ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့လည်း သက်ဆိုင်ပါတယ်။ နိုင်ပွဲကိုပဲ ဦးတည်ထား ပြီး ဒေါသနဲ့ ချဉ်းကပ်တတ်တာဟာ မြန်မာကစားသမားတွေဆီမှာ မျိုးဆက်လိုက် လက်ဆင့်ကမ်းလာတဲ့ ပြဿနာတစ်ခုလိုကိုဖြစ်နေပါပြီ။ ဒါပေမဲ့ ဒါတွေက ပရိသတ်ဆီကနေ ရောင်ပြန်ဟပ်တာလို့ ပြော ရင်လည်း မမှားတာကြောင့် ပရိသတ်လည်း ဒီကိစ္စမှာတော့ တာဝန်ခွဲဝေယူရမှာပါပဲ။ ကိုယ့်အသင်းရဲ့ လက်ရှိအဆင့်အတန်းကို မေ့ပစ်ပြီး ပြိုင်ပွဲဆိုတာနဲ့ နိုင်ချင်တာ၊ ကစားသမားတွေ လက်တွေ့ရင်ဆိုင် နေရတဲ့အထဲမှာ ဘာတွေအဆင်မပြေ၊ လိုအပ်ချက်ရှိနေတယ်ဆိုတာအထိ စိတ်ပါဝင်စားမှုမရှိပေမဲ့ ပွဲဆိုရင် နိုင်တာကိုပဲ ကြိုက်တာ၊ အဲဒါထက် ပိုဆိုးတာက မနိုင်ရင် ဆူပူသောင်းကျန်းတာ၊ ဆဲရေးတိုင်း ထွာတာ၊ ဒါတွေက အကြာကြီး ပြင်ယူရဦးမှာတွေပါပဲ။
ဒီလို ပရိသတ်နဲ့ ကစားသမားတွေ အများအားဖြင့် လက်စွဲသုံးကြတဲ့ စကားက ရရင်ရ၊ မရရင်ချ ဆိုတဲ့ စကားပါ။ ဗိုလ်ချုပ်အောင်ဆန်းစကားဆိုပါတော့။ ဒါပေမဲ့ ဗိုလ်ချုပ်က တော်လှန်ရေးမှာ သုံးခဲ့တာဖြစ် ပြီး အားကစားအတွက် ရည်ရွယ်ထားတာမဟုတ်ပါဘူး။ အဲဒီအပြင် ရရင်ရ မရရင်ချဆိုတာ ဗိုလ်ချုပ် ရဲ့တော်လှန်ရေး လှုံ့ဆော်စကားသက်သက်ပါပဲ။ သူ့ တော်လှန်ရေးလမ်းစဉ်မဟုတ်ပါဘူး။ လှုံ့ဆော် စကားက တက်ကြွအောင် ပြောတာဖြစ်ပေမဲ့ လမ်းစဉ်ကတော့ ဒီထက်ပို အသေးစိတ်ကျရပါတယ်။ ဒါကို လမ်းစဉ်အဖြစ် ယူပစ်လိုက်လို့မရပါဘူး။
အခုလက်ရှိ မြန်မာအသင်း ဒီထက်ပိုမြင့်တဲ့အဆင့်အတန်းဆီရောက်ဖို့နဲ့ အောင်မြင်မှုတွေပြန်ရဖို့ဆို ရင် ကောင်းမွန်တဲ့လမ်းစဉ်လိုပြီး အဲဒီလမ်းစဉ်မှာ ပွဲမနိုင်တာနဲ့ ကစားသမားကို ဝိုင်းဆဲ၊ သူ့ ဆိုရှယ်မီဒီယာမှာ သွားဆဲ၊ ကစားသမားက မခံနိုင်တော့ ပြန်ပေါက်ကွဲဆိုတာတွေ မပါပါဘူး။ ပရိသတ်ဆိုတိုင်း ဒီလို ရိုင်းစိုင်းလို့မရတာတော့ အမှန်ပါ။ ဒီကိစ္စဟာ ပရိသတ်နဲ့ ကစားသမား နှစ်ဖက်လုံးမှားတဲ့ ကိစ္စဆိုပါတော့။ ဘယ်လိုအရေးယူမှုတွေပဲ လာလာ အ ရေးယူမှုဟာ ဒီပြဿနာကို မကုစားနိုင်ပါဘူး။ ပရိသတ်၊ အထူးသဖြင့် နိုင်ငံ့ပရိသတ်ကို ဒီလို ရိုင်းပြခဲ့တဲ့ မောင်မောင်လွင်ဟာ နောက်ဆက်တွဲကို ခံစားရမှာဖြစ်ပေမဲ့ ပွဲမနိုင်၊ ကိုယ်ဖြစ်ချင်သလို မဖြစ်တာနဲ့ ဝိုင်းဆဲတဲ့ ပရိသတ်ဟာလည်း ဒီထက်ပိုပြီး တိုးတက်လာဖို့ လိုတာတော့ အမှန်ပါ။ ပရိသတ်ရော၊ နည်းပြရော၊ ကစားသ မားရော၊ အဖွဲ့ချုပ်နဲ့ အုပ်ချုပ်သူတွေရော အကုန်လုံးမှာ ဒီထက်ပိုကောင်းတဲ့ လမ်းစဉ်ကို လိုအပ်နေ တာ ကြာလှရှိပါပြီ။
လက်ရှိ မစ်ဇူဘီရှီဖလားဆိုတာက အရင် ဆူဇူကီးဖလား၊ ဟိုးအရင်က တိုက်ဂါးဖလားဆိုတဲ့ နာမည် တွေနဲ့ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတစ်ရပ်ဖြစ်ပြီး ၁၉၉၆ ကတည်းက စတင်ခဲ့တာဖြစ်လို့ သက်တမ်းအတော် အသင့်ရှိလာပြီဖြစ်တဲ့ ပြိုင်ပွဲ၊ မြန်မာအသင်းအနေနဲ့လည်း အောင်မြင်မှု လိုချင်နေတဲ့ ပြိုင်ပွဲဖြစ်မယ် ဆိုတာ မဆန်းပါဘူး။
လက်ရှိ မြန်မာအသင်းဟာ အုပ်စု ဘီ မှာကျရောက်နေပြီး ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအို တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။ အင်ဒိုကို သွားရှုံးလိုက်တာကြောင့် ခက်တော့ခက်ခဲသွား ပေမဲ့ မြန်မာအသင်းအတွက် မျှော်လင့်ချက်ကတော့ ရှိပါသေးတယ်။ အထူးသဖြင့် အင်ဒိုနီးရှားနဲ့ပွဲ ပထမပိုင်းရဲ့ မိနစ် ၃၀ လောက်အတွင်းမှာ မြန်မာအသင်းရခဲ့တဲ့အခွင့်အရေးတွေကို ကြည့်မယ်ဆိုရင် ဖိလစ်ပိုင်၊ လာအိုတို့ကိုတော့ သေသေချာချာ ယှဉ်ပြိုင်မယ်ဆိုရင် ရလဒ်ကောင်းထွက်အောင် ရယူနိုင် လောက်ပါသေးတယ်။ ဗီယက်နမ်နဲ့ပွဲကတော့ စနစ်ကျတဲ့ ချဉ်းကပ်ပုံနဲ့ ကစားယူရမယ့်ပွဲမျိုးပါ။
ဖြစ်နိုင်ခြေတော့ ရှိသေးတယ်ဆိုပေမဲ့ မြန်မာအသင်းအနေနဲ့ ကျန်ပွဲတွေမှာ ရလဒ်ကောင်းချင်တယ် နောက်တဆင့် တက်ချင်တယ်ဆိုရင် တိုက်စစ်ပိုင်းက ဒီထက်ပိုပြီး သေချာဖို့ လိုအပ်ပါတယ်။ ရလာတဲ့ အခွင့်အရေးတွေကို အလောသုံးဆယ်မဟုတ်ဘဲ အပိုင်အနိုင် အဆုံးသတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ အင်ဒိုနီးရှားနဲ့ပွဲကလိုပဲ မထင်ထားတဲ့ ထောင့်ကန်ဘောကနေ တစ်ဆင့် ဖြတ်အကန် ခံရပြီး ဂိုးသမားနဲ့ ထိ ပြန်ခုန်ဝင်သွားတဲ့ ဂိုးမျိုးတွေကြောင့် ရလဒ်ဆိုးကြုံသွားရနိုင်ပါသေးတယ်။ ကိုယ့်ဖက်က ဂိုးမသွင်းနိုင်ရင်တော့ ပြိုင်ဖက်က နိုင်သွားနိုင်ခြေအများကြီးရှိနေတယ်ဆိုတာ သတိ ထားဖို့လိုပါတယ်။ နည်းပြဦးမျိုးလှိုင်ဝင်းဟာ တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်ခဲ့တော့ လက်ရှိ အသင်းတိုက်စစ်ကစားသမားတွေကို ဒီထက်ပို သေချာအောင် လမ်းညွန်ပေးနိုင်မလား ကြည့်ရပါ မယ်။
နောက်ထပ် ဖြစ်လို့မရတော့တာကတော့ အင်ဒိုနီးရှားနဲ့ပွဲအပြီး မောင်မောင်လွင်နဲ့ ပရိသတ်ပြဿနာ လို ပြဿနာမျိုးတွေပါ။ ဒါတွေဟာ လက်ရှိ နိုင်ငံရဲ့ မွန်းသိပ်ကြပ်တည်းနေတဲ့ အခြေအနေကြောင့် ပေါက်ကွဲသွားတာမျိုးလည်း အများကြီးပါပါတယ်။ ဒါပေမဲ့ ကစားသမားတွေဟာလည်း လူတွေပဲ ဆိုတာကိုတော့ ကျွန်တော်တို့ပရိသတ်တွေ သိကြရပါမယ်။ ရလဒ်ဆိုး၊ ခြေစွမ်းဆိုးတဲ့အခါ ထိထိ ရောက်ရောက်ဝေဖန်လို့ရပေမဲ့ နေရာအနှံ့က ဝိုင်းဆဲတာကတော့ ဘာမှအကျိုးမရှိပါဘူး။ အခုလို ဆိုးရွားတဲ့ ဖြစ်ရပ်တွေဆီကိုပဲ ဦးတည်သွားနိုင်တယ်ဆိုတာကို သတိမူနှလုံးသွင်းရင် နောက်ထပ် ပွဲ တွေကို ဆက် စောင့်ကြည့်ကြတာပေါ့။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"