အားကစားသတင်းများ

လူးဝစ် နာနီ အနားယူပြီ

blog image

December 13, 2024

လူးဝစ် နာနီ အနားယူသွားခဲ့ပါပြီ။
နောက်ပိုင်းကာလမှ ဘောလုံးကို စတင်အားပေးလာခဲ့ကြသူတွေကတော့ သူ့ကို မမှီလိုက်တာမျိုး ရှိနိုင်ပေမဲ့ မှီလိုက်တဲ့သူတွေကတော့ ကောင်းကောင်းသိကြမှာပါ။ နာနီဟာ လျှော့တွက်လို့မရတဲ့ အရည်အသွေးမျိုးရှိသူတစ်ယောက်၊ အံ့အားသင့်စရာတွေကို လုပ်ပြနိုင်သူတစ်ယောက်၊ အဆိပ်အ တောက်အပြည့်ရှိတဲ့ ကစားသမားတစ်ယောက်ဆိုတာကိုပေါ့။ အဲဒီအပြင် သူဟာ ဖြစ်သင့်သလောက် မဖြစ်ခဲ့သူဆိုတာနဲ့ အဲဒီလိုမဖြစ်တာကလည်း သူ့ကြောင့်ပဲဆိုတာတွေကိုပါ မီလိုက်တဲ့သူတွေ သိကြ မှာပါ။


နာနီဟာ ၂၀၀၇ မှာ ယူနိုက်တက်ကိုရောက်ပါတယ်။ သူရောက်တဲ့ ၂၀၀၇-၀၈ ရာသီဆိုတာ ယူနိုက် တက် ချန်ပီယံလိဂ်ရယူမယ့် ရာသီပါ။ ၂၀၀၃ ခုနှစ်မှာ ယူနိုက်တက်ကို ရော်နယ်ဒိုရောက်လာပြီးတဲ့ နောက် နောက်ထပ် စပို့တင်းကနေ ယူနိုက်တက် ခေါ်ယူခဲ့တဲ့ ခေါ်ယူမှုတစ်ခုပါပဲ။ နာနီကို ယူနိုက် တက်က ခေါ်ယူတဲ့အချိန်မှာ မျှော်လင့်ချက်တော်တော်ကြီးတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီခေတ်အခါ က ယူရို ၂၅ သန်းခွဲပေးခေါ်ခဲ့တာဖြစ်ပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရော်နယ်ဒိုကို ခေါ်ခဲ့တုန်းက ယူနိုက်တက်က ၁၂ သန်း ပေးခဲ့ရတာပါ။


၂၀၀၃ မှာ ရော်နယ်ဒို ယူနိုက်တက်ကို ပြောင်းလာခဲ့ပြီးတဲ့နောက် စပို့တင်း လူငယ်အသင်းမှာ ကစား နေတဲ့ နာနီက ၂၀၀၄-၀၅ ရာသီမှာ စပို့တင်းအသင်းကြီးဆီ ခေါ်ယူတာခံလိုက်ရပါတယ်။ ရော်နယ်ဒို လိုပဲ လှည့်စားမှုတွေ၊ လှည့်ကွက်တွေနဲ့ မြန်နှုန်းမြင့်ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ ဆိုးသွားတာ က သူက ရော်နယ်ဒို နားလည်တာကို နားမလည်ခဲ့ပါဘူး။


ရော်နယ်ဒိုဟာလည်း ယူနိုက်တက်ကို ရောက်ခါစတုန်းက ခြေစွမ်းခြေစအလားအလာ အများကြီးရှိ ပေမဲ့ နားလည်သဘောပေါက်မှုနည်းနေသေးတာကြောင့် အလှအပတွေ၊ အလိမ်အခေါက်တွေ၊ ကျော် ဖြတ်မှုတွေနဲ့ အချိန်ကုန်နေခဲ့သေးတာပါ။ ငယ်လည်း တအားကို ငယ်သေးတာကိုး။ ဒါပေမဲ့ နောက် ပိုင်းမှာတော့ ဂိုးတွေရဖို့ တိုက်ရိုက်ပိုဆန်တဲ့ကစားပုံကို တဖြည်းဖြည်းချင်း ရော်နယ်ဒိုပြောင်းလဲလာ ခဲ့ပါတယ်။ အလှပြမှုတွေ၊ အလိမ်အခေါက်တွေက အသင်းကို နိုင်ပွဲနဲ့ ဖလားတွေယူမပေးနိုင်သလို၊ သူ့အတွက်လည်း တစ်ဦးချင်း ဆုတံဆိပ်တွေ၊ မှတ်တမ်းတွေ ယူမပေးနိုင်ဘူးဆိုတာကို ရော်နယ်ဒို သဘောပေါက်သွားချိန်မှာ တဟုန်ထိုး တက်လာခဲ့ပါတယ်။ အလိမ်အခေါက်တွေကတော့ လှလှပပ လုပ်နေတုန်းဆိုပေမဲ့ ထိရောက်မှုရှိတဲ့ဖက်ကို ရော်နယ်ဒို ပိုဦးတည်လိုက်ပါတယ်။


နာနီကလည်း အလားတူ ပြဿနာရှိတဲ့သူပါ။ ပြဿနာလို့ဆိုတာက အဲဒီလို အရည်အသွေးရှိတာ မကောင်းဘူးလို့ မဆိုလိုပါဘူး။ အရည်အသွေးက ကောင်းပါတယ်။ တခါတလေမှာ လောကရဲ့ ထူး ဆန်းမှုက အဲဒါပါပဲ။ အားနည်းချက်က ကောင်းကွက်ကို ယူလာပေးသလို၊ အားသာချက်ကလည်း ပြ ဿနာဖြစ်နေနိုင်ပါတယ်။ တစ်ဦီးချင်းကျော်ဖြတ်နိုင်စွမ်း၊ ဘောလုံးသယ်ယူနိုင်စွမ်း၊ လိမ်နိုင်ခေါက်နိုင် စွမ်းမြင့်တဲ့ ကစားသမားတွေဟာ အဲဒီအစွမ်းကို အသုံးချတာနဲ့ အလှပြနေတာနဲ့ မကွဲတဲ့ ပြဿနာ ကြောင့် ပြုန်းတီးကုန်တတ်ပါတယ်။ နာနီလည်း ဒါကို နားလည်ဖို့ ကြိုးစားခဲ့ရတာပါပဲ။ နောက်ပိုင်း မှာ သူလည်း နားလည်လာခဲ့တယ်လို့ ဆိုနိုင်ပေမဲ့ ရော်နယ်ဒို နားလည်သလောက်တော့ မဟုတ်ပါ ဘူး။
နာနီ ယူနိုက်တက်မှာ သွင်းခဲ့တဲ့ ဂိုးက မများပေမဲ့ အဲဒီဂိုးထဲမှာ တော်တော်များများက လှပလွန်းတဲ့ အဝေးကန်ချက် ဂိုးတွေပါ။ သူ့ရဲ့ ဂျွန်း ပစ်ပြီး လှလှပပအောင်ပွဲခံတဲ့ဟန်နဲ့ လိုက်ဖက်တာပေါ့။ တစ်ချို့ ဂိုးတွေကျတော့လည်း ဂိုးသမားကို အရူးလုပ် ကျော်သွင်းတာမျိုးတွေ၊ အနီးကပ်လှလှပပ ပိတ်သွင်းတာမျိုးတွေရှိပြန်ပါတယ်။


မှတ်မှတ်ရရ သူ မန်စီးတီးကို ရွန်းနီ၊ ကလီဗာလေတို့နဲ့ တစ်ချက်ထိ တွဲလုံးတွေနဲ့ ကျော်ဖြတ်ဂိုးသွင်း တဲ့ဂိုး၊ နောက်ဆုံးမိနစ်မှာ ကွန်ပနီတို့ဆီကနေ ဘောလုံးလုပြေးပြီး မန်စီးတီးဖက်သွင်းခဲ့တဲ့ဂိုး၊ ဘိုင် ယန်မြူးနစ်နဲ့ပွဲမှာ နောက်ခြေနဲ့ပိတ်သွင်းတဲ့ ဂိုးတွေက မှတ်မှတ်ရရတွေပါပဲ။ ဒါပေမဲ့ နာနီကို တားဆီးခဲ့တဲ့ နောက်ထပ်အတားအဆီးတစ်ခုကတော့ ခြေမမှန်တာပါ။ သူက တစ်ပွဲ မှာ ကြောက်စရာကောင်းလောက်အောင် ခြေစွမ်းပြ၊ အဝေးကန်ချက်တွေရော၊ ဖြတ်တင်ဘောတွေ ရော အရမ်းကိုကောင်း-တိကျ နေပေမဲ့ နောက်တစ်ပွဲကျရင် သူမဟုတ်သလို ပျောက်သွားတာမျိုး တွေလည်း ရှိပါတယ်။ တစ်ချို့ပွဲတွေကျရင် သူက မလိုလားအပ်ဘဲ တကိုယ်ကောင်းဆန်ပြီး အဝေး ကြီးကနေ လှမ်းချည်းကန်နေတာကြောင့် တိုက်စစ်မှူးတွေ စိတ်ရှုပ်စိတ်ပျက်ရတာမျိုးတွေရှိခဲ့ပြီး လူ စားလဲတာမျိုးတွေ ခံခဲ့ရပါတယ်။ အဓိကအားဖြင့်တော့ သက်ရောက်မှုရှိတာကိုပဲ လုပ်မယ်၊ အကျိုးရှိ တာကိုပဲ လုပ်မယ်ဆိုတာကို နားလည်ပေမဲ့ အဲဒီအတိုင်း လိုက်ကစားဖို့ရာ သတိမရှိတာမျိုးပါ။ ကိုယ် က ဘောလုံးတွေ ဖြုန်းတီးနေမိတယ်ဆိုတာ မသိဘဲ ဇွတ်တွေကန်ပစ်နေမိတာဆိုပါတော့။ ဒါကပဲ သူ့ကို နောက်တဆင့်ကို တက်လှမ်းနိုင်ဖို့ရာ အကန့်အသတ်ဖြစ်သွားစေခဲ့တာပါ။


ဒီလို သတိမရှိတာ၊ ခြေမမှန်တာ၊ တစ်ချက်တစ်ချက် ထင်ရာလုပ်တတ်တာတွေကြောင့် သူဟာ ရော် နယ်ဒိုရဲ့ တန်းမပြောနဲ့ အာဂျန်ရော်ဘင်၊ ရစ်ဘာရီတို့လို ကစားသမားတွေနောက် အဝေးကြီးကို ရောက်သွားခဲ့ရတာဖြစ်ပါတယ်။ သူ့ပင်ကိုယ်အရည်အသွေးအရတော့ ဒီထက်ကို ဖြစ်သင့်ခဲ့တဲ့လူ တစ်ယောက်ပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ် ၄ လုံး၊ လိဂ်ဖလား (အခု-ကာရာဘောင်း) ၂ လုံး၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ်၊ ပေါ်တူဂီနဲ့ ယူရို ၁ ကြိမ် ရယူထားနိုင်ခဲ့တာကြောင့် နာနီရဲ့ မှတ်တမ်းဟာ လစ် ဟာနေတာမျိုးတော့မရှိပါဘူး။


ဖီနာဘာချီ၊ ဗလင်စီယာ၊ လာဇီယို၊ စပို့တင်း၊ အော်လန်ဒို စီးတီး၊ ဗီနီဇီယာ၊ မဲလ်ဘုန်း ဗစ်ထရီ၊ အာ ဒါနာ ဒီမီစပေါ၊ အာမာဒိုရာ စတဲ့အသင်းတွေမှာ ပြောင်းရွှေ့ကစားရင်း အခုတော့ အနားယူသွားပါပြီ။ လူးဝစ် ကားလို့စ် အယ်လ်မေးဒါး ဒါ ကွန်ဟာ ဆိုတဲ့ နာမည်ရင်းရှိသူ နာနီကို ဘောလုံးကမ္ဘာက သူ့ အောင်ပွဲခံဟန်တွေနဲ့အတူတူ အမှတ်ရနေဦးတော့မှာပါ။

#mmmedia
#LuisNani

#footballer

Related Sports News