အင်္ဂလန်ရဲ့ ရွှေရောင်မျိုးဆက်ဆိုတာက ၂၀၀၀-၀၁ လောက်ကနေ စတင်ခဲ့တဲ့ အသင်းကို ဆိုလိုတာ ပါ။ ဒီစကားက တခြားသူကနေ စတင်ခဲ့တာလည်း မဟုတ်ပါဘူး။ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်အက်ဖ် အေရဲ့ အမှုဆောင်ချုပ် အဒမ် ခရိုဇီရာ ကိုယ်တိုင်က ထုတ်ပြောပြီး ကင်ပွန်းတပ်ပေးခဲ့တဲ့ နာမည်ဖြစ် ပါတယ်။
ဘယ်အချိန်လောက်ကလဲဆိုရင် ၂၀၀၁ စက်တင်ဘာ ၁ ရက်နေ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အင်္ဂလန်က ဂျာမနီကို ၅-၁ နဲ့ နိုင်ပြီး ခြေစစ်ပွဲအောင်သွားခဲ့ပြီးတဲ့နောက်မှာပါ။ ခရိုဇီရာက ဒါဟာ အင်္ဂလန်အတွက် ရွှေရောင်မျိုးဆက်ပဲလို့ ဝင့်ကြွားခဲ့ပါတယ်။ အဲဒီတုန်းက နည်းပြက အခု ကွယ်လွန်သွား ပြီဖြစ်တဲ့ ဆဗန်ဂိုရန် အဲရစ်ဆင်ပါ။
ဂျာမနီအိမ်ကွင်းထိသွားဂိုးပြတ်နိုင်ခဲ့တော့ ဒီလိုထပြီး ဝင့်ကြွားတာက ဆန်းတော့မဆန်းပါဘူး။အင်္ဂလန်နဲ့ ဂျာမနီတို့ရဲ့ ဘောလုံးနဲ့ပတ်သက်လို့ အပြိုင်အဆိုင်တွေကို တီးမိခေါက်မိတဲ့သူဆိုရင် နား လည်မှာပါ။ အင်္ဂလန်နဲ့ ဂျာမနီတို့က ဘောလုံးနဲ့ ပတ်သက်လို့တင်မဟုတ်ပါဘူး။ အကုန်လုံးကို အပြိုင်အဆိုင်ကြီးပါတယ်။
အင်္ဂလန်က ဂျာမနီနဲ့တင်မက ပြင်သစ်နဲ့လည်း ဒီလိုပါပဲ။ ဒီနောက်ကွယ်မှာ ရှည်လျားတဲ့သမိုင်းကြောင်းဆိုင်ရာ ကိစ္စတွေပါဝင်နေပါတယ်။ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ရဲ့ အရှေ့ တောင်အာရှဒေသတွင်းပြိုင်ဆိုင်မှုလိုမျိုး၊ ဂျပန်နဲ့ ကိုရီးယားတို့ရဲ့ အရှေ့အာရှပြိုင်ဆိုင်မှုလိုမျိုးလို့ နားလည်ထားရင် ရနိုင်ပါတယ်။ နောက်မှာ ဘောလုံးထက် ပိုတဲ့သမိုင်းကြောင်းဆိုင်ရာ ကိစ္စတွေ အများ ကြီး မြုပ်ကွယ်နေတာပါ။
ဂျာမနီကို နိုင်ခဲ့တဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက် ဒေးဗစ် ဆီးမန်း၊ ဂယ်ရီ နဗေးလ်၊ ရီယို ဖာဒီနန်၊ ဆိုးလ်ကမ်းဘဲလ်၊ အက်ရှ်လေကိုး၊ ဒေးဗစ်ဘက်ခမ်း၊ စတီဗင် ဂျရတ်၊ ပေါလ်စခိုး၊ နစ်ခ် ဘရမ်ဘီ၊ မိုက်ကယ်အိုဝင်၊ ဟက်စကီးတို့ပွဲထွက်ကစားပေးသွားခဲ့ကြပါတယ်။ အရံမှာ အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်တို့၊ ဘိုင်ယန်မြူးနစ်မှာ ကစားနေတဲ့ အိုဝင်ဟားဂရေ့ဗ်တို့၊ ရီးရဲလ်မှာ သွားကစားနေတဲ့ မက်မာနာမန်တို့၊ ဂျင်မီ ကာရေဂါ၊ အန်ဒီ ကိုးလ်၊ ရော်ဘီ ဖောင်လာတို့လည်း ရှိနေပါသေးတယ်။
ဒီလူစာရင်းက အမှန်တကယ်ကို တောင့်တင်းတာပါ။ ဒါက ၂၀၀၁ မှာပဲ ရှိပါသေးတယ်။ နောက်ပိုင်း ဂျွန်တယ်ရီတို့၊ ဝိန်းရွန်နီတို့ပေါ်ထွက်လာဦးမှာနဲ့ဆိုရင် အင်္ဂလန်ဟာ ရွှေရောင်မျိုးဆက်ကို ကာလ အတော်ကြာတဲ့အထိ ပိုင်ဆိုင်ထားတာပါ။ သူတို့ တစ်ခုခု လုပ်ပြလိမ့်မယ်လို့ အများစုက အမြဲလိုလို ထင်ကြေးပေးထားခဲ့ကြတဲ့အထိ ပါပဲ။ အဲဒီကမ္ဘာ့ဖလားမှာ အင်္ဂလန်ဟာ ၁၆ သင်းအဆင့်မှာ ဒိန်းမတ် ကို ကျော်ဖြတ်နိုင်ခဲ့ပေမဲ့ ကွာတားမှာတော့ ဘရာဇီးနဲ့တွေ့ပြီး ပြုတ်သွားခဲ့ရပါတယ်။
၂၀၀၆ ကမ္ဘာ့ဖလားမှာလည်း ဒီလိုပဲ အင်္ဂလန်ဟာ အုပ်စုတက်ပြီး ၁၆ သင်းအဆင့်မှာ အီကွေဒေါကို ၁-၀ နဲ့နိုင် တက်ခဲ့ပေမဲ့ ကွာတားမှာတော့ ပေါ်တူဂီကို ပင်နယ်တီနဲ့ ရှုံးသွားခဲ့ရတာပါ။ ၂၀၀၆ ရောက်တဲ့ အချိန်မှာတော့ အင်္ဂလန်လူစာရင်းမှာ ဂိုး ဒေးဗစ် ဆီးမန်းမဟုတ်တော့ဘဲ ပေါလ် ရော့ဘင်ဆင်၊ ဒေးဗစ် ဂျိမ်းစ်၊ စကော့ ကာဆင်တို့ ဖြစ်နေပါပြီ။ ဂယ်ရီနဗေးလ်၊ အက်ရှ်လေကိုးလ်၊ ဂျရတ်၊ ဖာဒီနန်တို့အပြင် ဂျွန်တယ်ရီလည်း ပါဝင်လာပြီဖြစ်ပြီး လမ်းပတ်၊ ဒေးဗစ်ဘက်ခမ်း၊ ဝိန်းရွန်နီ၊ မိုက်ကယ် အိုဝင်၊ ဂျိုးကိုလ်း၊ မိုက်ကယ်ကာရစ်၊ အာရွန်လင်နွန်၊ ဒေါင်းနင်း၊ သီယို ဝဲကော့တို့နဲ့ အသင်းက လူငယ် လူကြီးမျှတသလို တသင်းလုံးနီးပါး ကြယ်ပွင့်ကစားသမားတွေချည်းပါပဲ။
အဲဒီခေတ်က အင်္ဂလန်အသင်းကို ထိပ်ဆုံးရောက်ဖို့အတားအဆီးဖြစ်စေခဲ့တာ ဘာဖြစ်မလဲလို့ စဉ်းစား ကြည့်တဲ့အခါ နည်းပြရွေးချယ်မှုတွေကိုလည်း ထည့်စဉ်းစားရမှာပါ။ အဲရစ်ဆင်၊ မက္ကလာရင်တို့လို လူ တွေလက်ထဲ ဒီလူစာရင်းကြီး သွားထည့်ထားတဲ့အချိန်မှာတော့ အင်္ဂလန်က ဖြစ်ချင်သလိုကို ဖြစ်နေတာမဆန်းပါဘူး။ အသင်းလိုက်အတွဲအစပ်တွေကကို အလုပ်မဖြစ်နေတာပါ။ တယောက်ထကောင်းလိုက်၊ တစ်ယောက်က ထဖောက်လိုက်နဲ့ပါပဲ။ နောက်တစ်ခုကတော့ သူတို့အတွက် အကြီးမားဆုံး အခွင့်အလမ်းကြီးကို သူတို့ အသုံးမချနိုင်ခဲ့တာ ပါပဲ။ သူတို့အသင်းတစ်သင်းတည်းမှာ ဂျရတ်၊ ပေါလ်စခိုး၊ လမ်းပတ်နဲ့ ကာရစ်တို့ကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၀၄ မှာ ပေါလ်စခိုးက အရွယ်ကောင်းရှိတုန်း နားသွားတာကိုလည်း ပြန်စည်းရုံးပြီးမခေါ် နိုင်ခဲ့သလို ဒီကစားသမားတွေနဲ့ အံဝင်ဖို့အတွက် လိုက်ဖက်မယ့် ကစားကွက်ကိုလည်း မခင်းကျင်း နိုင်ခဲ့ပါဘူး။
ပေါလ်စခိုးလို ကစားသမားကို နောက်ချန်ကွင်းလယ်အထိုင်အဖြစ်ထား၊ ဂျရတ်ကို 𝐁𝐨𝐱-𝐭𝐨-𝐛𝐨𝐱 အဖြစ် ကစားစေပြီး လမ်းပတ်ကို ဧရိယာထိပ်မှာ တိုက်စစ်သန်ကွင်းလယ်ကစားသမားအဖြစ် လှုပ် ရှားစေတဲ့ ၄-၃-၃ နဲ့ဆိုရင် တော်တော်ကြီးကို အဆင်ပြေနိုင်ပေမဲ့ အဲဒီတုန်းက ကစားကွက်က ၄-၄-၂ နဲ့ ကွင်းလယ် ၂ ယောက်ပဲ အထိုင်ချရမှာဖြစ်လို့ ဂျရတ်-လမ်းပတ်-စခိုး ထဲက ၁ ယောက်ကတော့ အမြဲကျန်နေရမယ့်သဘောပါ။ စခိုးလ်နားသွားပြီးတော့ ကာရစ်လည်း ပေါ်လာပေမဲ့ သူ့ကိုလည်း အကောင်းဆုံး အသုံးမချနိုင်ပြန်ပါဘူး။ နောက်တစ်ချက်ကတော့ မိုက်ကယ်အိုဝင်ရဲ့ ဒဏ်ရာပါ။ အကောင်းဆုံး အတက်ဆုံးအချိန် ငယ်ငယ် ရွယ်ရွယ်မှာပဲ ဒဏ်ရာကြောင့် မြန်နှုန်းကို ဆုံးရှုံးခဲ့ရတဲ့အပြင် ရီးရဲလ်ကို ပြောင်းရွှေ့မှုကလည်း အလုပ် မဖြစ်တဲ့အခါ အိုဝင်က ဖြစ်သင့်သလောက်ဖြစ်မလာတော့ပါဘူး။ သူ့ချည်းလားဆိုတော့ ဘက်ခမ်း လည်း ပါပါတယ်။ ဒါက အင်္ဂလန်အတွက် နစ်နာမှုပါပဲ။
နောက်တစ်ချက်ကတော့ သိမီလိုက်ကြတဲ့သူတွေဆိုရင် သိမှာပါ။ အဲဒီခေတ်က အင်္ဂလန်ကစားသ မားတွေဟာ အသင်းအလိုက် လူစုကွဲနေပြီး အုပ်စုတွေ သီးခြား သီးခြားဖြစ်နေခဲ့ပါတယ်။ သူတို့ကို စုစည်းပေးမယ့် အရှိန်အဝါကောင်းတဲ့ နည်းပြလိုနေခဲ့တာဖြစ်ပြီး အဲရစ်ဆင်က အဲဒီလိုနည်းပြမဟုတ် ခဲ့ပါဘူး။ ကစားသမားတွေရဲ့ နေပုံထိုင်ပုံတွေကလည်း ဟော့ဟော့ရမ်းရမ်းနဲ့ ပြဿနာတွေများသလို မောက်မာမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှုတွေ၊ နိုင်ငံထက် ကလပ်မှာ ပိုအာရုံစိုက်နေတာတွေ က အင်္ဂလန်ကို ထင်တိုင်းမပေါက်စေခဲ့တဲ့အချက်တွေထဲမှာ အဓိကကျတဲ့အချက်တွေပါ။
မြန်မာနိုင်ငံက ပရိသတ်တွေ တော်တော်များများကို အင်္ဂလန်အသင်းဆီ ဆွဲခေါ်သွားပေးခဲ့တဲ့ အဲဒီ ရွှေရောင်မျိုးဆက်ဟာ နောက်ဆုံး ဘာမှမအောင်မြင်ခဲ့တဲ့အပြင် ယူရိုခြေစစ်ပွဲမအောင်တာလိုမျိုး ရှက်စရာတွေနဲ့ပါ အဆုံးသတ်သွားခဲ့ရပါတယ်။