အင်္ဂလိပ်လိုတော့ Elegant လို့ခေါ်ပါလိမ့်မယ်။ မြန်မာလိုတော့ ကြော့မော့ခန့်ညားမှုဆိုပါတော့။ အ သည်းအသန် သည်းကြီးမည်းကြီးမဟုတ်ဘဲ သာသာယာယာ၊ အေးအေးဆေးဆေးနဲ့ ပိုင်ပိုင်နိုင်နိုင်။ ဒီလို ဘောလုံးကစားတတ်တဲ့ နာမည်ကျော်တစ်ယောက်တော့ စပါး၊ မန်ယူနိုက်တက်တို့ရဲ့ တိုက်စစ် မှူးဟောင်း ဘူဂေးရီးယားသား ဒီမီတာ ဘာဘာတော့ပါပဲ။
သူ့ကို မမြန်ဘူးလို့လည်း ပြောရခက်ပါတယ်။ မြန်တယ်လို့လည်း မဆိုနိုင်ပါဘူး။ ခွန်အားကို အားပြု မထားပေမဲ့ ပြင်းထန်တဲ့ ကန်ချက်တွေကို မကန်နိုင်တာလည်း မဟုတ်ပြန်ပါဘူး။ သူက ပြောရရင် လို အပ်သလောက်ပဲ ကစားတယ်လို့တောင် ဆိုရမှာပါ။ ဒီနေရာမှာ ဒီလောက်ပဲ အားကုန်ခံရမယ်ဆိုရင် အဲဒီထက်ပိုပြီး အားကုန်ခံဖို့ မကြိုးစားတာမျိုးပေါ့။ ဦးနှောက်ကို ပိုဦးစားပေးတတ်သူပါပဲ။ ဒါကို သူ့ ရွေ့လျားမှုတွေ၊ နေရာယူမှုတွေနဲ့ အဆုံးသတ်မှုတွေကနေ တွေ့ရနိုင်ပါတယ်။ သူ့အကြောင်းပြောရင် ထိပ်ဆုံးကနေ ပေါ်လာမှာကတော့ First Touch လို့ ခေါ်တဲ့ ထိချက်မှန်တဲ့ ထိန်းသိမ်းမှုပါ။ဘယ်လောက်အားပြင်းတဲ့ ဘောလုံးဖြစ်ပါစေ လျှံထွက်မသွားဘဲ လိုအပ်သလို ထိန်း နိုင်တာက သူ့ကို ထူးကဲစေပါတယ်။ ဘောလုံးကို ဘတ်ကနေ နေအောင် အကပ်ထိန်းတတ်တိုင်း လည်း ဒီလိုကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘောလုံးမှာက အဲဒီလို ကပ်နေ အောင် အမြဲထိန်းလို့မရလို့ပါ။ လိုချင်တဲ့ဖက်ကို ဘောလုံးအထွက် ရအောင် ထုတ်နိုင်ဖို့ တွက်ချက်ပြီး ထိန်းကြရတာပါ။ ဒါမျိုးကို ဘာဘာတော့ ပိုင်နိုင်ပါတယ်။
သူ့ရဲ့ ထူးချွန်မှုတွေထဲမှာ ဘောလုံးဖမ်းတာတစ်ခုတည်း မဟုတ်ပါဘူး။ ဘောလုံးကိုလည်း သယ်ယူမှု လိုအပ်ရင် လိုအပ်သလို လုပ်နိုင်ပြီး တွဲဖက်တိုက်စစ်မှူးတွေလမ်းကြောင်းထဲကို သေသေသပ်သပ်ပြန် ထည့်ပေးနိုင်တဲ့ ကစားသမားမျိုးပါ။ ဒီနေရာမှာ ဘာဘာတော့နဲ့ပတ်သက်လို့ လူတွေ ပြောကြတာ သိပ်မတွေ့ရတဲ့ ကျွမ်းကျင်မှုကတော့ ဘောလုံးကို သူ့ခြေထောက်ထဲမှာ လိုအပ်သလို ထိန်းသိမ်းထား ပြီး သူ့ဆီကနေ ရအောင် ပြန်လုယူနိုင်ဖို့ဆိုတာ ခဲယဉ်းတာပါပဲ။ အထူးသဖြင့် သူက ဘောလုံးကို ကာ ကွယ် Guard လုပ်ရာမှာ အားနဲ့ ကိုယ်ကာယကို အရမ်းသုံးဖို့မလိုဘဲ မြဲအောင်ထိန်းထားနိုင်တာ ကြောင့် Hold-up Play တွေ Link-up Play တွေမှာလည်း တော်တော်ကောင်းခဲ့တဲ့အထဲမှာ ပါပါ တယ်။
အဆုံးသတ်ပိုင်းမှာလည်း သွေးအေးအေးနဲ့ အဆုံးသတ်နိုင်တဲ့ ကစားသမားဖြစ်ပြီး ဧရိယာအတွင်းမှာ နေရာယူပုံ၊ ရွေ့လျားပုံက တော်တော်ကို ညက်ညောတဲ့ ကစားသမားမျိုးဖြစ်သလို အဆုံးသတ်ပုံအ နေနဲ့လည်း ပုံစံမျိုးစုံနဲ့ အဆုံးသတ်နိုင်ပါတယ်။ ဉာဏ်သမားဖြစ်လို့ မလိုအပ်ဘဲ အားနဲ့ကန်တာမျိုး၊ အဝေးထောင့်ထဲ ဝေ့ဝိုက်ကန်ဖို့ ကြိုးစားတာမျိုးထက် ဂိုးသမားကို လှည့်စားဖို့နဲ့ အမြန်ဆုံး ဂိုးဝင် သွားနိုင်မယ့် ထောင့်တွေကို တိုက်ခိုက်ဂိုးသွင်းတတ်သူပါပဲ။ အရမ်းမြန်တဲ့အထဲမှာ မပါဘူးဆိုပေမဲ့ လုံလောက်တဲ့ မြန်နှုန်းတော့လည်း ရှိပါတယ်။ သူ့ခေတ်က မြန်နှုန်းမြင့်ကစားသမားတွေဖြစ်တဲ့ ရော် နယ်ဒို၊ နာနီ၊ ရွန်းနီ၊ တီဗက်၊ ပတ်ဂျီဆန်တို့နဲ့ တွဲကစားရလို့သာ သူ့နှုန်းက တော်တော်လေးသလို ထင်ရတာပါ။
တကယ်တော့ ဘာဘာတော့က လုံလောက်အောင် မြန်ပြီး သူက သူနောက်လုပ်မယ့် အရွေ့အတွက် ပြောင်းလွယ်ပြင်လွယ်ရှိအောင် သူ့မြန်နှုန်းကို ချိန်ညှိထားတတ်သူပါ။ ဂိုးလွန်ဘောစည်းပေါ်ကနေ ဘောလုံးကို တချက်လှည့်ကျော်ယူပြီး ရော်နယ်ဒိုရဲ့ လမ်းကြောင်းထဲ ထိုးထည့်ပေးလိုက်တဲ့ သူ့ ဖန်တီးပေးမှုက အခုထိ ပြန်ပြန်ကြည့်နေကြတုန်းဖြစ်သလို သူက သူ့မြန်နှုန်းနဲ့ နောက်အရွေ့ကို ကြိုတင်ချိန်ညှိထားတတ်တယ်ဆိုတာ အဲဒီကနေ အထင်းသားပြနေပါတယ်။ တိုက်စစ်မှူးတစ်ယောက်ဆိုတာ တိုးဖို့ ရုန်းဖို့ တစ်ခုတည်းမဟုတ်ဘဲ ပြိုင်ဘက်နောက်တန်းတွေ မြင်ကွင်းထဲကနေ အပျောက်နေပြီး ချိန်သားကိုက်ပြေးဝင် လိုအပ်တဲ့နေရာအရောက်မှာ တိတိကျကျ သွေးအေးအေးနဲ့ သွင်းယူနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဘာဘာတော့က အဲဒီ သွေးအေးပြီး ချိန်သားကိုက်မှုအပြည့်ရှိတဲ့ ကစားသမားပါ။ မိုနာကိုမှာတုန်းက ပြိုင်ဖက်နောက်တန်းတွေနဲ့ ဂိုးသမားကို ပါကျော်ပြီး အဝေးတိုင်ထဲကို အသာ မ ကျော်သွင်းသွားတဲ့ ဂိုးကဆိုရင် သူ့တွက်ချက်မှု၊ စိတ်ကူးစိတ်သန်းနဲ့ပိုင်နိုင်ကျွမ်းကျင်မှုတွေကို ပြသနေတဲ့ ဂိုးပါပဲ။
စီအက်စ်ကေအေ ဆိုဖီယာကနေ စတက်လာတယ်ဆိုပေမဲ့ လေဗာကူဆင်မှာတော့ အရံအသင်းတွေ ဘာတွေမှာ ကစားလိုက်ရပါသေးတယ်။ နောက်တော့ လေဗာကူဆင် အသင်းကြီးကိုရောက်ပြီး ချန်ပီ ယံလိဂ်ဖိုင်နယ်တက်နိုင်ခဲ့တဲ့အထိ အဆင်ပြေခဲ့ပါတယ်။ ရှုံးထွက်အဆင့်မှာ လီဗာပူးဖက်ကို ဂိုးသွင်း နိုင်ခဲ့ပြီး ဖိုင်နယ်မှာတော့ ရီးရဲလ်မက်ဒရစ်ကို ၂-၁ နဲ့ ရှုံးခဲ့လို့ နစ်နာခဲ့ပါတယ်။ ဒါပါနဲ့ဆို သူ့သက်တမ်း တလျှောက်မှာ ချန်ပီယံလိဂ်ဖိုင်နယ် ၃ ကြိမ်တက်ဖူးတာဖြစ်ပြီး ယူနိုက်တက်ကိုရောက်တော့ ၂ ကြိမ် တက်ပါသေးတယ်။ ၂ ကြိမ်လုံး ဘာစီလိုနာကို ရှုံးခဲ့ရပါတယ်။
စပါးနဲ့အတူ ၂၀၀၇-၀၈ လိဂ်ဖလား ( ခါရာဘောင်းဖလား) ကို ရယူနိုင်ခဲ့ပြီး အဲဒါ စပါးတို့ အခုချိန်ထိ မှာ နောက်ဆုံးရခဲ့တဲ့ ဖလားပါပဲ။ ဖိုင်နယ်မှာ ချယ်လ်ဆီးကို နိုင်ခဲ့ပြီး ဘာဘာတော့နဲ့ ဝုဒ်ဂိတ်တို့ ဂိုး သွင်းပေးခဲ့ကြပါတယ်။ ယူနိုက်တက်က သူ့ကိုခေါ်ချင်တယ်ဆိုတဲ့အခါ ဆန္ဒတွေပြ၊ ပြဿနာတွေ တက်တဲ့အထိ ဖြစ်ခဲ့ပြီး အပြောင်းအရွှေ့နောက်ဆုံးအချိန်ကျမှ အတည်ပြုနိုင်ခဲ့တာ အမှတ်ရစရာပါ။
မန်ယူနိုက်တက်နဲ့တော့ ပရီးမီးယားလိဂ် ၂ လုံး၊ လိဂ်ဖလား ၁ လုံး၊ ကလပ်ကမ္ဘာ့ဖလား ၁ လုံး ရယူ ပေးနိုင်ခဲ့ပါတယ်။ သူရောက်လာပြီး သိပ်မကြာခင်မှာပဲ ယူနိုက်တက်က တီဗက်ရော၊ ရော်နယ်ဒိုပါ ထွက်သွားပြီး အကောင်းဆုံးတိုက်စစ်အစုအဖွဲ့မရှိတော့တာ သူ့အတွက် နစ်နာသွားခဲ့ရပါတယ်။ ယူ နိုက်တက်ကနေ ထွက်တဲ့အချိန်မှာ ဖူလ်ဟမ်၊ မိုနာကို၊ ပီအေအိုကေ စတဲ့အသင်းတွေဆီ ပြောင်း ကစားခဲ့ရင်း အနားယူသွားခဲ့ပါတယ်။
ဒီနေ့လို ကစားကွက်ကို ဘောလုံးလက်ခံပြီး တည်ကစားပေး၊ တွဲကစားပေးနိုင်မယ့် တိုက်စစ်မှူးတွေ အဖိုးတန်လာတဲ့အချိန်မှာ ဘာဘာတော့လို ဂိုးသွင်းခြေလည်းကောင်း၊ ကစားကွက်ထဲလည်း ပါဝင်ပြီး တွဲကစားချိတ်ကစားပေးနိုင်တဲ့ တိုက်စစ်မှူးမျိုးက ပြန်ပြောင်း အမှတ်ရစရာဖြစ်နေမှာကတော့ ငြင်း ချက်ထုတ်ဖို့ လိုမယ်မထင်ပါဘူး။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"