အားကစားသတင်းများ

ချဲလ်ဆီး မှာ တောက်ပခဲ့တဲ့ ဘရားဇီလ်သား ဝီလီယံ

blog image

December 16, 2024

ဒီတခေါက်မှာတော့ ချဲလ်ဆီး အသင်းရဲ့ အချစ်တော် လာဘ်ကောင် ကစားသမားလို့ တင်စားခဲ့ကြဖူးတဲ့ ဆံပင်ကေ စုတ်ဖွားဖွား နဲ့ တောင်ပံ တကြောမှာ အသင်းအတွက် မမောမပန်းပဲ ပြေးလွှားပြီး ကစားတတ်တဲ့ ဘရာဇီးလ် နဲ့ ချဲလ်ဆီးတို့ ရဲ့ တောင်ပံ ကစားသမားဟောင်း ဝီလီယံ အကြောင်းပဲ ဖြစ်ပါတယ် ။ ဝီလီယံဟာဆိုရင် လွန်ခဲ့တဲ့ ၁၀နှစ် ဝန်းကျင်ခန့် က ချဲလ်ဆီးအသင်းရဲ့ အဓိကကစားသမား တစ်ယောက်ဖြစ်ခဲ့ပြီး ထူးခြားတဲ့ ပင်ကိုယ်ဟန် စတိုင် နဲ့ ဘရားဇီးလ် တို့ရဲ့ ဘောလုံးစတိုင် နဲ့ အတူ ဥပရောတလွှားမှာ အောင်မြင်ကျော်ကြားခဲ့ပါတယ် ။


ဝီလီယံကို ၁၉၈၈ ၊ သြဂုတ်လ ၉ ရက်နေ့မှာ ဘရာဇီးလ် နိုင်ငံ ဆော်ပေါ်လို မြို့မှာ မွေးဖွားခဲ့ပါတယ် ။ ဘရာဇီးလ် သားတို့ ထုံးစံအတိုင်း ငယ်စဉ်တည်းက ဘောလုံးပါရမီ ပါတဲ့ ဝီလီယံ ဟာ အသက်၉နှစ်အရွယ်မှာပဲ ရပ်ကွက်ဘောလုံးပွဲစဉ်တစ်ခုမှစပြီး ကင်းထောက်တွေ သတိထားမိပြီး ကိုရီသီယံ ဘောလုံး အကယ်ဒမီကို ရောက်ရှိခဲ့ပါတယ် ။ ကိုရီသီယံ ဘောလုံး အကယ်ဒမီ မှာ ၈ နှစ်ကြာ ဘောလုံးပညာသင်ယူပြီးတဲ့နောက်မှာတော့ အသင်းကြီး ဆီကို ရောက်ရှိခဲ့ပါတယ် ။ သူ့ရဲ့ ပထမဆုံး ပွဲစဉ်အဖြစ် ဖလူးမီးနစ် အသင်း နဲ့ ပွဲစဉ်ဟာ ကိုရင်သီယံ ကစားသမား ဘဝ ပထမဆုံး ပွဲစဉ်လည်း ဖြစ်ပါတယ် ။ အဲအချိန်မှာ ဝီလီယံရဲ့ အသက်ဟာ ၁၈နှစ် နဲ့ ၁လ ကျော်ပဲ ရှိပါသေးတယ် ။ အဲဒီချိန်မှာ ဝီလီယံဟာ ဘရာဇီးလ် 𝐔 𝟐𝟎 အသင်း ရဲ့ တောင်အမေရိက လူငယ်ချန်ပီယံရှစ် ပြိုင်ပွဲ အတွက် ရွေးချယ်ခံထားရပါတယ် ။ နောက်ထပ် 𝐅𝐢𝐟𝐚 𝐔 𝟐𝟎 ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝီလီယံဟာ ၃ပွဲ သာ ကစားခဲ့ရပေမဲ့ ဥရောပအသင်းတွေရဲ့ သတိထားစောင့်ကြည့်ခြင်းကို ခံခဲ့ရပါတယ် ။ ၃ ပွဲ မှာ စုစုပေါင်း ၉၁ မိနစ်သာ ကစားခွင့်ရခဲ့ပါတယ် ။ ခြေစွမ်းခြေစ ရှိတဲ့ ဝီလီယံဟာ ပြိုင်ပွဲပြီးတဲ့ ၂၀၀၇ သြဂုတ်လ မှာတော့ ယူကရိန်းကလပ် ရှက်တာဒိုးနက် အသင်းကို ယူရို ၁၄သန်း နဲ့ ၅ နှစ်စာချုပ်ချုပ်ကာ ရောက်ရှိသွားပါတယ် ။


ဝီလီယံ ဟာ ရှက်တာဒိုးနက် နဲ့ ပထမရာသီမှာ ၃၁ပွဲ ကစားခဲ့ပြီး အသင်းနဲ့အတူ ယူကရိန်းရှုံးထွက် ဖလား ရယူနိုင်ခဲ့ပြီး အဖွင့်လှခဲ့ပါတယ် ။ နောက် ဒုတိယရာသီမှာ ပိုမို ခြေစွမ်းပြကစားနိုင်ပြီး 𝐔𝐄𝐅𝐀 𝐒𝐮𝐩𝐞𝐫 𝐂𝐮𝐩 အပြင် ပြည်တွင်းဖလားတွေလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ ဝီလီယံ ဟာ ရှက်တာဒိုးနက် အသင်းမှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် အထိ ၆နှစ်ကျော်ကြာ ကစားပြီးတဲ့နောက် ၂၀၁၃ ဇန်နဝါရီ အရောက် မှာတော့ ရှရှားကလပ် အန်ဇီးအသင်းကို ယူရို ၃၅သန်း နဲ့ ပြောင်းရွေ့သွားခဲ့ပါတယ် ။ ရှရားကလပ် အန်ဇီး အသင်းနဲ့ ပွဲဦးထွက်ပွဲစဉ် ဖြစ်တဲ့ နယူးကာဆယ်အသင်းနဲ့ 𝐄𝐮𝐫𝐨𝐩𝐚 𝐋𝐞𝐚𝐠𝐮𝐞 ပွဲစဉ်မှာတော့ ဒဏ်ရာရရှိခဲ့ပါတယ် ။ ဝီလီယံဟာ ၁၁ ပွဲ လောက်သာ ကစားခဲ့ရပြီး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ် ။ ၂၀၁၃ခုနှစ် သြဂုတ်လမှာတော့ အသင်းရဲ့ ဘဏ္ဍာရေး ပြဿနာတွေကြောင့် အန်ဇီးအသင်းဟာ အသင်းရှိ ကစားသမား အများစု အရောင်းစာရင်းတင်ခဲ့ရပါတယ် ။ အဲထဲမှာ ဝီလီယံလည်း တစ်ယောက်အပါဝင် ဖြစ်ခဲ့ပါတယ် ။


အဲဒီနောက် ဝီလီယံရဲ့ ကစားသမားဘဝ တစ်ဆစ်ချိုးအပြောင်းအလဲတစ်ခု ဖြစ်ခဲ့ပါတယ် ။ အဲတာကတော့ ရရှားသူဌေး အေဘရာမိုဘစ် ပိုင်ဆိုင်တဲ့ ချဲလ်ဆီးအသင်းဟာ ဝီလီယံကို ပြောင်းရွှေ့ကြေး ယူရို သန်း ၃၅ ဝန်းကျင် ၅ နှစ် စာချုပ် နဲ့ ခေါ်ယူလိုက်ပါတယ် ။ ချဲလ်ဆီးမှာတော့ ဝီလီယံ ဟာ ကျောနံပတ် ၂၂ ကို ဝတ်ဆင်ကစားခဲ့ပါတယ် ။ ချဲလ်ဆီး အသင်းဟာ ၂၀၁၃ ဘောလုံး ရာသီမှာ နာမည်ကျော် အခြားကစားတွေများစွာကို ခေါ်ယူခဲ့ပြီး ဝီလီယံ က တော့ ကြေးအမြင့်ဆုံး နဲ့ အသင်းကို ရောက်ရှိလာခဲ့ပါတယ် ။ အဲဒီနှစ်မှာ ဝီလီယံ နဲ့ အတူ ဘင်ဖီကာ မှ နီမန်ဂျာ မာတစ် ၊ လေဗာကူဆင် မှ ရှာရယ် ၊ ဘေဆယ် အသင်းမှ မိုဟာမက် ဆာလတ် ၊ အငှား နဲ့ ပြန်လာတဲ့ ကီဗင် ဒီဘရိုင်း နားတို့ နဲ့အတူ အသင်းကို ရောက်ရှိလာပါတယ် ။ ဝီလီယံ ဟာ အသင်းမှာ အလျင်အမြန်အထိုင်ကျပြီး အသင်းဖော် အီဒင် ဟာဇတ် နဲ့ အတူ အတွဲညီညီ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ် ။ ဝီလီယံ ဟာ ဟာဇတ်လောက် မထင်ပေါ် ခဲ့တဲ့ ကစားသမား တစ်ယောက် ဖြစ်ခဲ့ပေမဲ့ ချဲလ်ဆီး ပရိတ်သတ်တွေ ရဲ့ အချစ်တော် ကစားသမား တစ်ယောက်ဖြစ်ခဲ့ပါတယ် ။ ကစားသမားဘဝ နိမ့် တလှည့်မြင့်တလှည့် ဝီလီယံ တစ်ယောက်အတွက် ချဲလ်ဆီး ကစားသမား ဘဝ ကတော့ အမြင့်ဆုံးစွမ်းဆောင်ရည် နဲ့ အကောင်းဆုံး အချိန်ကို ဖြတ်သန်းခဲ့ရပါတယ် ။ ချဲလ်ဆီး အသင်း မှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၀ ခုနှစ် အထိ ၇ နှစ်ကျော်ကြာ ကစားသွားခဲ့ပြီး နှစ်တိုင်းမှာလည်း အသင်းကို ကောင်းကောင်း အကျိုးပြုနိုင်ခဲ့ပါတယ် ။ ၂၀၁၅-၂၀၁၆ ခုနှစ် ဘောလုံး ရာသီမှာ ဝီလီယံ ဟာ အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အသင်းဖော် အီဒင် ဟာဇတ်ကိုကျော်ပြီးရရှိခဲ့ပါတယ် ။ တချို့ ပရိတ်သတ်တွေ အတွက်တော့ ဝီလီယံ အညတရ သာမန် ကစားသမားတစ်ယောက်လို့ ထင်နိုင်ပေမဲ့ ချဲလ်ဆီး ရဲ့ ဝီလီယံ ကစားတာကို ကောင်းကောင်းကြည့်ခဲ့ရဖူးတဲ့ ပရိတ်သတ်တွေကတော့ ဝီလီယံ ဟာ အချစ်တော် လာဘ်ကောင်းတဲ့ ကစားသမား တစ်ယောက်ဆိုတာ ငြင်းလို့ ရမယ် မထင်ပါတယ် ။ ချဲလ်ဆီးအသင်း မှာ တော့ ဝီလီယံက တည်ငြိမ်တဲ့ ခြေစွမ်းမျိုးတော့ မဟုတ်ခဲ့ပါဘူး ။ ဘောလုံးပင်ကို ပါရမီ ကောင်းပါလျှက် နဲ့ ထိုက်သင့်တဲ့ အောင်မြင်မှုမျိုးတွေ ကစားသမား ဘဝ မှာ မရခဲ့ပြန်ပါဘူး ။ ချဲလ်ဆီးအတွက် ဝီလီယံ ဘယ်လောက်အရေးပါခဲ့ဆိုရင် အခု လီးဗာပူလ်း အသင်းရဲ့ ဂန္ထဝင်ကစားအဖြစ် ကစားနေတဲ့ မိုဟာမက်ဆာလတ်ကို တောင် နောက်ကောက်ချနိုင်ခဲ့တဲ့အထိ ဝီလီယံ ဟာ ကောင်းခဲ့ပါတယ် ။ ချဲလ်ဆီးအသင်းမှာ ဝီလီယံ ဟာ ပရီးမီးယားလိဂ်နှစ်ကြိမ်၊ ယူရိုပါလိဂ်နဲ့ အခြားပြည်တွင်းဖလားတွေ ရရှိခဲ့ပါတယ် ။ အသင်းအတွက်တော့ 𝐔𝐧𝐝𝐞𝐫𝐫𝐚𝐭𝐞𝐝 ကစားသမား အဖြစ် ၇နှစ်ကျော်ကြာ ပေးဆပ်ခဲ့ပြီးတဲ့နောက်မှာတော့ အာဆင်နယ်အသင်းကို ၂၀၂၀ သြဂုတ် လမှာ အလွတ်ပြောင်းရွှေ့ကြေး ၃ နှစ်စာချုပ် နဲ့ ရောက်ရှိသွားခဲ့ပါတယ် ။ အာဆင်နယ် မှာ တစ်ရာသီသာ ကစားခဲ့ပြီး ၂၅ပွဲကစားကာ ၁ ဂိုးသာ သွင်းယူခဲ့ပါတယ် ။ ဝီယီယံ ကိုယ်တိုင်ကလည်း သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝ ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝတလျှောက် အဆိုးဝါးဆုံး အချိန်ဖြစ်တယ်လို့ ဝန်ခံသွားခဲ့ပြီး ရာသီကုန်မှာတော့ အသင်းနဲ့အတူ နှစ်ဦးသဘောတူ လမ်းခွဲကာ ငယ်ဘဝ ကလပ် ကိုရင်သီယန် အသင်းထံကို ၂၀၂၃ ထိ ရှိနေမယ့် သဘောတူညီချက် စာချုပ် နဲ့ ပြန်သွားခဲ့ပါတယ် ။


ကိုရင်သီယံမှာလည်း တစ်ရာသီသာ ကြာမြင့်ခဲ့ပြီး အသင်းနဲ့ အဆင်မပြေ ဖြစ်ကာ ၂၀၂၂ ခုနှစ် သြဂုတ်လ မှာ စာချုပ် ဖျက်သိမ်းခံခဲ့ရပါတယ် ။ အဲဒီနောက် ဖူဟမ် အသင်းကို ၁ နှစ် စာချုပ် နဲ့ ပြန်လည်ရောက်ရှိခဲ့ပြီး ၂ ရာသီ ကစားခဲ့ကာ ၅၈ ပွဲကစား ပြီး ၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။ လက်ရှိ ၂၀၂၄ ခုနှစ် အရောက်မှာတော့ ဝီလီယံဟာ ဂရိကလပ် အိုလံပီယာကော့စ် အသင်းကို ပြောင်းရွှေ့ ကစားလျှက်ရှိပါတယ် ။ နိုင်ငံလက်ရွေးစင် ဘရာလ်ဇီးအသင်းအတွက် ၂၀၁၁ ခုနှစ် တည်းက အရွေးချယ်ခံခဲ့ရပြီး ပွဲပေါင်း ၇၀ ကစားခဲ့ကာ ၉ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ် ။


ဝီလီယံ ရဲ့ အကောင်းဆုံး အချိန်တွေဟာ ချဲလ်ဆီးအသင်းမှာ ကုန်ဆုံးခဲ့ပြီး ဟာဇတ် က အသင်း ရဲ့ မရှိမဖြစ် ကစားသမား ဖြစ်ခဲ့လိုသာ ဝီလီယံ ရဲ့ အကြောင်းကို မီဒီယာတွေမှာ အကျယ်တဝန်း မဖော်ပြ ဖြစ်ခဲ့ပါဘူး ။ ဘယ်လိုဘဲပြောပြော ဝီလီယံ ကလည်းချီးကျူးမှုတွေနဲ့ထိုက်တန်တဲ့သူတစ်ယောက်ပါ။ ဖရီးကစ်တွေကနေဂိုးတွေသွင်းပြီးအံ့သားသင့်စေခဲ့တယ် ။ အလိမ်အခေါက်အတိုးအလှုပ်တွေနဲ့ ဖျော်ဖြေပေးခဲ့တယ် ။ ဖလားတွေမြှောက်ဖို့ကူညီပေးခဲ့ဖူးတယ်။ ကျွန်တော်တို့ရင်ထဲမှာကျန်နေခဲ့တဲ့ သူရဲကောင်းတွေထဲကတစ်ယောက်ပါပဲ လို့ ပြောရင် ဒီဆောင်းပါး လေး ကို ဒီနေရာမှာပဲ နှုတ်ဆက်လိုက်ပါတယ် ။ အဆုံးထိ ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ဆီတိုင်းကို ကျေးဇူး အထူးတင်ရှိပါတယ် ။
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

#MMMedia
#Willian
#brazilian

Related Sports News