မြန်မာအသင်းမှာက ကစားသမားအတွဲအစပ်တွေ တစ်ခေတ်တစ်ယောက်ကစားသမားတွေ တော် တော်များများ ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဟိုးအရင် ကျွန်တော်တို့ သိရုံပဲ သိလိုက်ပြီး မမှီလိုက်တဲ့ခေတ် က ဆိုရင် ဗဟာဒူးပေါ့။ နောက် ကျွန်တော်တို့ တပိုင်းတစမှီတဲ့ခေတ်ကျတော့ မျိုးလှိုင်ဝင်း-သန်းတိုး အောင်။ နောက်တော့ စိုးမြတ်မင်း။ နောက်တော့ ကျော်ကိုကို၊ နောက်တော့ အောင်သူ။ ဒီလိုမျိုး မျိုး ဆက်အလိုက် ကစားသမားတွေ တော်တော်များများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီလို အတွဲအစပ်တွေထဲမှာမှ ကျော်ကိုကို-ကျော်ဇေယျာဝင်း-ကြည်လင်း တို့ရဲ့ ကေ သုံးလုံး အတွဲ အစပ်ကလည်း မြန်မာပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို အတိုင်းအတာတစ်ခုအထိတော့ ရရှိခဲ့ဖူးတဲ့ သူတွေပါပဲ။ ဒီအတွဲအစပ်နဲ့တော့ တစ်ခုခု လုပ်ပြနိုင်လိမ့်မယ်လို့ မြန်မာအသင်းပရိသတ်တွေ မျှော် လင့်ခဲ့ကြဖူးတဲ့အထိ ဒီကစားသမားတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်အစွမ်းအစတွေ ရှိခဲ့တာပါ။
ကျော်ကိုကိုကတော့ ဒီအထဲမှာ နာမည်အကြီးဆုံး၊ လူသိအများဆုံး၊ လူပြောအများဆုံးနဲ့ ဝေဖန်ခံရပြီ ဟေ့ဆိုရင်လည်း ထိပ်ဆုံးကနေ ဝေဖန်ခံရလေ့ရှိတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ သူက ၂၀၁၀ မှာ ဇေ ယျာရွှေမြေအသင်းနဲ့ ကလပ်ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ခြေစွမ်းပိုင်းအားဖြင့်ဆိုရင် အရှေ့တောင်အာရှမှာတောင် လူသူလေးပါး လေးစားခဲ့ရတဲ့ လူငယ်တက်သစ်စ ကစားသမားထဲမှာတစ်ယောက်အပါအဝင်ဖြစ်ခဲ့ဖူးပါတယ်။ ကျော်ကိုကိုက တကယ်ကို ကောင်းမွန်တဲ့ အရည်အသွေးတွေရှိပြီး ဖြစ်ချင်စိတ်လည်း ရှိတဲ့သူဖြစ် သလို ဘောလုံးအမြင်လည်း အတိုင်းအတာတစ်ခုအထိ ကောင်းတဲ့သူပါ။ သူ့ အကောင်းဆုံးအချိန် တုန်းကဆိုရင် အရှေ့တောင်အာရှ ဒေသတွင်းမှာ အင်အားကြီးအသင်းတွေတောင် သူ့ကို နောက် တန်းနဲ့ တစ်ယောက်ချင်းတော့ ပေးမထိန်းရဲပါဘူး။ သူ့ကို အာရုံစိုက် လူကပ်ကစားပြီး ထိန်းချုပ်ဖို့ ကြိုးစားတတ်ကြပါတယ်။ သူ ခြေစွမ်းပြခဲ့ပြီး လှပတဲ့ ဂိုးတွေလည်း အကြိမ်ကြိမ် သွင်းပြခဲ့ဖူးပါတယ်။
ကျော်ဇေယျာဝင်းကတော့ ဒီ ၃ ယောက်ထဲမှာ လူပြောသူပြော အနည်းဆုံးဖြစ်ပါလိမ့်မယ်။ တောင်ပံ နဲ့ကွင်းလယ်တွေမှာ ကစားပြီး ညက်ညက်ညောညော အယိမ်းအနွဲ့နဲ့ ကစားတဲ့ဟန်ပန်မျိုးပါ။ ဒါပေမဲ့ သူက ကိုယ်ခန္ဓာကြံ့ခိုင်မှုအားဖြင့်တော့ ပျော့တဲ့ဖက်ကို ပိုသွားပြီး သူနဲ့တွဲကစားတဲ့သူတွေက ပိုပြီး အမြင်ရှိရှိ ကူညီပေးနိုင်လေ သူ ပိုလုပ်နိုင်လေဆိုတဲ့ ကစားသမားမျိုးပါပဲ။ ကမ္ဘောဇ ( အခု ရှမ်းယူနိုက်တက်) အသင်းနဲ့ ကလပ်ကစားသမားဘဝစတင်ခဲ့ပြီး ၂၀၁၁ မှာ မြန်မာ့ လက်ရွေးစင်အသင်းကိုရောက်လာခဲ့သူဖြစ်ကာ သူကစားရတဲ့ ပွဲအရေအတွက်နဲ့ သူ့ စွမ်းဆောင်မှု ကို အချိုးချကြည့်မယ်ဆိုရင် အတော်လေး အဆင်ပြေတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ သူ့အားသာချက်က တော့ အမြင်ကောင်းတာပါပဲ။ သူနဲ့ အတိအကျကြီးမဟုတ်ပေမဲ့ ကစားဟန် ဆင်ဆင်တူတဲ့ ကစားသ မားကတော့ ရာဇာဝင်းသိန်းပါ။ ရာဇာဝင်းသိန်းကတော့ ဘောလုံးအမြင် ပိုမြင့်ပါတယ်။ သို့သော် ကိုယ်ကာယပိုင်း ကြံ့ခိုင်မှုမှာတော့ နှစ်ယောက်လုံးက ပျော့တဲ့ ကစားသမားတွေဖြစ်နေတာ နည်း နည်းဆိုးသွားပါတယ်။
နောက်တစ်ယောက်ကတော့ ကြည်လင်းပါပဲ။ ကြည်လင်းကို အငယ်တန်းလောက်ကတည်းက အားလုံး သိကြပါတယ်။ အမြင်ပုံအရကို ဆံပင်ထောင်ထောင်နဲ့ ထောင့်မကျိုးတဲ့ ဒီဇိုင်း အားကြိုးခနွဲကစား တတ်တာတွေကြောင့် မြန်မြန်ဆန်ဆန်ပဲ အာရုံစိုက်မှုတွေ ရလာခဲ့တာပါ။ သူ့ အပေါ် အားလုံးရဲ့ မျှော်လင့်ချက်တွေ ထိုးတက်လာတာကတော့ ယူ ၂၂ မှာ သူလုပ်ပြနိုင်ခဲ့တဲ့ခြေစွမ်း တွေကြောင့်ပါ။ ဒီလို ပုံစံနဲ့ဆိုရင်တော့ သူဟာ မြန်မာအသင်းအတွက် တကယ့်ကို အားကိုးရတဲ့ က စားသမားဖြစ်လာလိမ့်မယ်လို့ အားလုံးယူဆခဲ့ကြပါတယ်။
မကွယ်ဝှက်တမ်းပြောရရင် ကေသုံးလုံးတိုက်စစ်ဟာ ထင်ထားသလောက်တော့ အလုပ်မဖြစ်ခဲ့ဘဲ တစ်ဦးချင်းတွေပဲ ပိုလုပ်ပြနိုင်ကြတာများပါတယ်။ ဒါကလည်း မြန်မာအသင်းရဲ့ နောက်ပိုင်းပြဿ နာတစ်ခုပါပဲ။ ကစားသမားတွေက တစ်ဉီးချင်းစွမ်းဆောင်ရည်တွေနဲ့ တကိုယ်တော်ကျွမ်းကျင်မှုတွေ ကို ဘောလုံးကစားနည်းရဲ့အကုန်လုံးလို့ ထင်နေတတ်တာမျိုး မြန်မာအသင်းရဲ့ အဆင့်တိုင်းမှာ မြင်ရတွေ့ရတတ်ပါတယ်။ အစွမ်းအစရှိတဲ့ ကစားသမားတစ်ယောက်ကို တည်ကစားတာမျိုး၊တစ်ယောက်တည်းက ရုန်းရတာမျိုး၊ တစ်ဉီးချင်း စွမ်းရည်တွေနဲ့ ကစားနေတာမျိုးတွေက မြန်မာအသင်း ရဲ့ သက်တမ်းအလိုက်တိုင်းမှာ အားနည်းချက်တွေပါ။ဒါကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ နည်းပြတွေရှိခဲ့ပြီး ပတ်ဆောင်ဟွာနဲ့ ဂက်ဖရိုင်းဒရစ်တို့က အဲဒီအထဲ မှာ ပါပါတယ်။ ပတ်ဆောင်ဟွာကတော့ ဆိုးရွားတဲ့ပုံစံနဲ့ လမ်းခွဲသွားရပြီး မြန်မာပရိသတ်မုန်းတီးတာ ကိုပါ ခံလိုက်ရပါတယ်။ ပတ်ဆောင်ဟွာလက်ထက် ကျော်ကိုကိုနဲ့ ပြဿနာတွေဖြစ်ခဲ့ဖူးတာကို လည်း အမှတ်ရကြမှာပါ။ ဂတ်ဖရိုင်းဒရစ်ကတော့ မြန်မာအသင်းကို အပြောင်းအလဲတစ်ချို့ ကာလ အတန်ကြာတဲ့အထိ ယူလာ၊ လုပ်ပြပေးနိုင်ခဲ့ပေမဲ့ နောက်ဆုံးတော့ သူလည်း ထွက်ခွါသွားရပြီး အခြေ အနေတွေကတော့ ဒုံရင်းပါပဲ။
တကယ်တော့ ကေသုံးလုံးတိုက်စစ် ရှိနေတဲ့အချိန်မှာ မြန်မာအသင်းဟာ နောက်ထပ် တက်လာနေ တဲ့ ယူ ၁၉၊ ယူ ၂၀ အုပ်စုတွေနဲ့ ရှေ့က ရာဇာဝင်းသိန်းတို့ အုပ်စုတွေလည်းရှိနေတာကြောင့် ဒီထက် အများကြီး တောင့်တင်းခဲ့သင့်၊ အောင်မြင်မှုတွေဆီ အတိုင်းအတာတစ်ခုအထိတော့ရသင့်ခဲ့တာပါ။ ဒါပေမဲ့ အသင်းလိုက် ပေါင်းစပ်တဲ့အခါတိုင်းမှာ အားနည်းချက် အမြဲရှိနေတတ်သလို ကစားသမား တွေရဲ့ အကောင်းဆုံးအချိန်တွေမှာ လူမှုရေးပြဿနာတွေ အမြဲပေါ်တတ်တာက အသင်းကို ကြီးကြီး မားမားထိခိုက်စေခဲ့ပါတယ်။ မြန်မာအသင်းမှာ လိုအပ်နေတာက အလုပ်ကြိုးစားပြီး ဘယ်လိုနေထိုင်ပြုမူရမယ်၊ ဘယ်လိုပြောဆို ရမယ်ဆိုတာတွေကို စံနမူနာပြပေးမဲ့ စီနီယာကစားသမားမျိုးဆက်တစ်ဆက်နဲ့ ကစားသမားတွေကို လူမှုရေးဝန်းကျင်မှာ ဘယ်လိုနေမယ်၊ လေ့ကျင့်ရေးကိစ္စတွေမှာ သူ့အတွက် ပိုကောင်းအောင် ဘယ် လို အမြဲကြိုးစားမယ်၊ နည်းပြတွေနဲ့ ဘယ်လိုစကားပြောမယ်၊ ပရိသတ်နဲ့ ဘယ်လို ဆက်ဆံရမယ်ဆို တာကို အနီးကပ်လမ်းညွန်ပေးမယ့် အကြံပေးနိုင်သော အေးဂျင့်ကောင်းကောင်းတွေပါ။
ဒီလို ရေခံမြေခံတွေ မရှိခဲ့တဲ့အခါကျတော့ ကေသုံးလုံး တိုက်စစ်လိုမျိုး တကယ် အလားအလာရှိတဲ့ အတွဲအစပ်မျိုးကို ပိုင်ဆိုင်ခဲ့ပေမဲ့ ပရိသတ်တွေ အားတက်သရော မျှော်လင့်စောင့်ကြည့်လိုက်ကြတဲ့ အခိုက်အတန့်လေးတစ်ခုပဲရှိခဲ့ပြီး လက်တွေ့အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ရကြောင်း ပြန်ပြောင်း အောက်မေ့လိုက်ရပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"