အားကစားသတင်းများ

ခြေစွမ်း ၊ ရလဒ် ၊ သိက္ခာ ပါ ရှုံးနိမ့်ခဲ့ရတဲ့ မြန်မာအသင်း

blog image

December 22, 2024

မြန်မာအသင်း ပွဲတွေ ကြည့်ရတာ ကြည့်ပြီးသား ရုပ်ရှင်တွေကို ပြန်ထိုင်ကြည့်ရသလိုပဲ ဇာတ်သိမ်းတွေကို ကြိုသိနေသလိုပဲ ။ ပြိုင်ပွဲကြီး မစခင်က ကြိုတင်ပြင်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ မြန်မာအသင်း ၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ ပြိုင်ပွဲ အကြိုခြေစွမ်းပွဲတွေ ပြုလုပ်နေတဲ့ မြန်မာအသင်း ၊ ပြိုင်ပွဲအကြိုသတင်းစာရှင်းလင်းပွဲ မှာ ပြိုင်ပွဲအတွက်အသင့်ဖြစ်နေပါပြီလို့ ဆိုလိုက်တဲ့ မြန်မာအသင်း ၊ မကန်ခင် ကစားသမားတွေကို အင်တာဗျူးတော့ အကောင်းဆုံးရလဒ်အတွက် ပြင်ဆင်ထားပါတယ်ဆိုတဲ့ မြန်မာအသင်းကစားသမား ၊ ပွဲရှုံးလို့ အင်တာဗျူးတော့ ခုပွဲစဉ်က အမှားတွေကို အကောင်းဆုံး သင်ခန်းစာယူပြီး နောက်ပွဲတွေမှာ အကောင်းဆုံး ကြိုးစားပြင်ဆင်သွားပါမယ် ဆိုတဲ့ မြန်မာအသင်း ၊ ဒီလို သတင်းတွေ နဲ့ ပရိတ်သတ်တွေ ခမျာမှာလည်း မျှော်နေရတာ ဘယ်နှကြိမ် မှန်းလည်း မသိတော့ဘူး ။ အာရှကျားကြီးလည်း အခေါက်ခေါက် အခါအခါ ပြန်နိုးလိုက် ပြန်အိပ်လိုက်ရန်ကုန် တိရစ္ဆာန်ရုံ ထဲက ကျားလှောင်အိမ်ထဲ ပြေးပြေးရှာရသေးတယ် ။ ခုလည်း ဗီယက်နမ် ကို ခြေစွမ်းရော ၊ ရလဒ် ပါ အပြတ်အသတ်ရှုံးပြီး အုပ်စု ကနေ ထွက်ခဲ့ရပြီ ။ တကယ်ကို စိတ်ပျက်ဖို့ ကောင်းပါတယ် ။ မနိုင်နိုင်ဘူးဆိုတာ ပရိတ်သတ်တွေလည်း လက်ခံထားပါတယ် ။

ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်သင့်ဘူးမလား ။ ပြည်ပထွက် ကစားသမား ဆိုတဲ့ သူတွေလည်း ပါတယ် ။ ပြည်တွင်းမှ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေလည်း ရွေးထားတယ် ။ ကိုယ့်မြန်မာလူမျိုး နည်းပြ ဆိုတော့ စကားပြောရ ၊ဆက်ဆံရ Language Barrier ဆိုတဲ့ ပြဿနာ မရှိတော့ဘူး ။ နောက်ဆုံးတော့လည်း ဒီဘူတာ ပဲပြန်ဆိုက်တာပဲ ။ ဘယ်လောက် ပံ့ပိုး ပံ့ပိုး ၊ ဘယ်လောက် အားပေး အားပေး ၊ ပြင်ဆင်မှု ဘယ်လောက်လုပ်ထားပါတယ် ပြောပြော နောက်ဆုံးက ရှုံးတာပဲ ဆိုတာ မြန်မာ နဲ့တောင် တွဲမြင်လာသလို ဖြစ်နေရပြီ ။

‌ရှေ့ရက်က ဗီယက်နမ် နဲ့ ပွဲမတိုင်ခင် ဆောင်းပါး တစ်ပုဒ်ရေးထားသေးတယ် ။ “ ဗီယက်နမ် ကို နိုင်ရင် မြန်မာတက်ပြီ “ ဆိုပြီး ရေးခဲ့သေးတယ် ။ တကယ်ပါ မြန်မာပရိတ်သတ်တွေမှာ မနိုင်မှန်းသိတာတောင် စိတ်ထဲ ကြိတ်အားပေးကြပါတယ် ။ ကိုယ့်နိုင်ငံထက် ဘောလုံးအဆင့်အတန်း အများကြီး သာတဲ့ ဗီယက်နမ် အသင်းကို သူ့ အိမ်ကွင်းမှာ နိုင်ဖို့ မဖြစ်နိုင်တာတော့ သိပါတယ် ။ ဒါပေမဲ့ တဖက်က ဗီယက်နမ်က လူငယ်အသင်း ကိုယ့်မြန်အသင်းက လက်ရွေးစင် အသင်းကြီးဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် သရေ လောက်တော့ မျှော်လင့် မိတာဝန်ခံပါတယ် ။ အုပ်စု ကထွက်ရတောင် သိက္ခာအရတော့ မရှုံးခဲ့ဘူး ဆိုပြီး အားခဲပြီး ကြည့်ခဲ့တာပဲ ။ ကြည့်နေရင်း ကြည့်နေရင်း နဲ့ ကို မျှော်လင့်ချက်တွေက ဝေးသထက် ဝေး နဲ့ ဂိုးဒါဇင်ဝက် နီးပါး နဲ့ ဗီယက်နမ် ကို ဒူးထောက်ခဲ့ရတာ အဲတော့ ဒီပွဲမှာ ကြိုးစားအားထုတ်မှု အကြောင်းကို မပြောချင်တော့ပါဘူး ။ အဓိက ပြောချင်တာ မြန်မာ အသင်းမှာ ကိုယ်ပိုင်ကစား ဟန် Game Plan မရှိတဲ့ ပြဿနာ ကိုပဲ စပြီး ပြောရမှာပါ ။ မစ်ဆူဘီရှီဖလား ပွဲမှာ ၄ ပွဲ ကစားခဲ့တဲ့ မြန်မာအသင်းရဲ့ ပွဲစဉ်တွေကို ပြန်ကြည့်လိုက် ကစားကွက် ၊ နည်းစနစ် နဲ့ ကစားခဲ့တဲ့ ပွဲ ပါသလားဆိုပြီး ပွဲအားလုံး ထပ်ပြန်ကြည့်ဖြစ်တယ် ။ အချင်းချင်း 1 2 Pass လေးတွေ ပေးတာတောင် အားပျော့ သွားရတာနဲ့ ထိချက် လွဲရတာနဲ့ ကြားက ဝင်ဖျက်ထုတ်ရတာနဲ့ ဘယ်ဟာမှ ဖြောင့်တန်းတယ် မရှိဘူး ။ ဒေါင်ဒေါင်မြည်ကစားသမား မရှိဘူးဆိုတာ ဆင်ခြေတစ်ခုပဲ ဘာလို့လဲလို့ အသင်းမှာ ရွေးထားတာ နိုင်ငံခြား အသင်းတွေမှာ သွားကစားနေတဲ့ ကစားသမား ၇ ယောက်ထက် မနည်းဘူး ။ သူတို့ တွေ ကိုယ်တိုင် ကလည်း ရုန်းကန်နေရတယ် ။ ပွဲပန်းနေတာကလည်း ဖြစ်နိုင်ပါတယ် ။

Group B မှာ ဗီယက်နမ် ၊ အင်ဒို ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ လာအို တို့ ရှိတဲ့ အထဲမှာ Group A ထက်စာရင် ပွဲချောင်တယ်လို့ ပြောလို့ရမယ် ။ တကယ်တမ်း ကိုယ်တွေ မြန်မာအသင်းသာ သေချာပြင်ဆင်ထားမယ်ဆိုရင် အုပ်စု အဆင့်လောက်တော့ တက်နိုင်တယ်လို့ ပြောလို့ရတဲ့ အနေအထား ပါ ။ တဖက်အသင်းတွေ ကြည့်လိုက်ရင် ဗီယက်နမ် နဲ့ အင်ဒို က လူငယ်အသင်း ကစားသမား အများစု နဲ့ ဒီပြိုင်ပွဲကို ပြင်ဆင်လာတယ် ။ ဖိလစ်ပိုင် နဲ့ လာအို ဆိုတာ လွန်ခဲ့တဲ့နှစ်တွေကထိ ကိုယ်တွေ ဘယ်ချိန် ထကန်ကန် နိုင်တဲ့ အသင်းတွေကို အိမ်ကွင်းမှာ အသည်းသန် ကန်မှ လာအို ကို နိုင်တဲ့အဖြစ်ထိ ကိုယ်တွေ အသင်း ဘယ်လောက်ထိ ဆိုးရွားနေသလဲ သိမှာပါ ။ ဖိလစ်ပိုင် နဲ့ ပွဲမှာ VAR ကြောင့် မဟုတ်ရင် မြန်မာနိုင်တယ် လို့ မပြောနဲ့ တစ်ပွဲလုံး သူမသာ ကိုယ်အသုဘ ပဲ ။ အသင်း ကို ကဒူမတ်ချာလေး ဖြစ်နေခဲ့တာကြောင့် သရေ တောင် ကျေနပ်ရမလို ဖြစ်ပြီး နောက်ဆုံးပွဲစဉ် အထိ မျှော်လင့် ချက်ရှိတယ်လို့ ပြောရမယ် ။ တိုက်စစ် ခံစစ်မှာ ၄ပွဲကစားပြီး ခံစစ် က ၉ ဂိုး ထိ ခွင့်ပြုထားရသလို တိုက်စစ်ကလည်း ၄ ဂိုးပဲ သွင်းနိုင်ခဲ့တယ် ။

ဗီယက်နမ် နဲ့ပွဲ မှာ မျှော်လင့်ခဲ့တာက ရှုံးရင်တောင် ဂိုးရလဒ် ကျဉ်းမြောင်းပြီး ၁-၀ , ၂-၁ ဆိုတဲ့ ရလဒ် လောက် နဲ့ ရှုံးတယ်ဆိုရင်တော့ ဖြေသိမ့်လို့ကောင်းသေးတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရှုံးလို့ အုပ်စုက ပြန်လာခဲ့ရပြီလေ ။ နောက်ပြိုင်ပွဲတွေအတွက် အားစိုက်ပေါ့ ဆိုတဲ့ သတင်းတွေ ပဲ ခုတလောက မြင်ရတွေ့ရ ဖတ်ရဦးမယ်ထင်ပါတယ် ။ ဒီလှေ ဒီတက် နဲ့ မြန်မာအသင်း ဘယ်လိုမှ အခြေနေမကောင်းတော့ လှေရော တက်ရော အသစ်လဲ နိုင်မှပဲ မြန်မာ့ဘောလုံး ဦးမော့လာနိုင်မယ်လို့ အကြံပြုရင် ဆောင်းပါးလေးကို အဆုံးသတ်ပါရစေ ....

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

#MMMedia
#Myanmar
#football

Related Sports News