အားကစားသတင်းများ

မားကပ်ရက်ဖို့ဒ် နဲ့ မန်ယူနိုက်တက်တို့က လုံးဝပြီးပြတ်သွားပြီလား

blog image

December 28, 2024

မန်ယူနိုက်တက်ဟာ နောက်ပိုင်းမှာ ဒရာမာတွေ တအားများတဲ့အသင်းဖြစ်နေတာက တော်တော်ကို သိသာပါတယ်။ မီဒီယာအာရုံကျမှုလည်း အရမ်းများတဲ့အသင်းဖြစ်တာကြောင့် ဘာပဲဖြစ်လိုက်ဖြစ် လိုက် ဟိုးလေးတကျော်နဲ့ ပွထသွားတတ်တာက ဒီအသင်းရဲ့သဘာဝလိုကိုဖြစ်နေပါပြီ။ ဒေးဗစ်မိုယက်စ် နဲ့ စီနီယာအသင်းသားတွေရဲ့အကွဲအပြဲကနေ စလိုက်တာ၊ ဗန်ဟားနဲ့ ဒီမာရီယာ၊ မော်ရင်ညို နဲ့ မာရှယ်-ပေါ့ဘာတို့ရဲ့ ပြဿနာ၊ ဆိုးရှားနဲ့ လူကာကူတို့အကြားက သဘောထားကွဲလွဲမှု၊ အဲရစ်တန် ဟက်နဲ့ ရော်နယ်ဒို၊ အဲရစ်တန်ဟက်နဲ့ဆန်ချို၊ အခုလည်း ရူဘင် အမော်ရင်နဲ့ ရက်ဖို့ဒ်။ တကယ့်ကို အ ကွဲအပြဲတွေ များခဲ့တာ သိသာမှာပါ။


ရက်ဖို့ဒ်ဟာ ယူနိုက်တက်အကယ်ဒမီထွက်၊ မန်ချက်စတာသားအစစ်ဖြစ်ပြီး အသင်းအတွက်လည်း အချိန်တစ်ခုမှာ အတိုင်းအတာတစ်ခု အထောက်အကူပြုခဲ့တဲ့ကစားသမားဆိုတာ လုံးဝငြင်းစရာ မရှိ ပါဘူး။ အသင်းကို ဦးဆောင်ပေးမယ့်သူ၊ ထမ်းတင်မယ့်သူ ကစားသမားများများစားစားမရှိခဲ့တဲ့အချိန် မှာ သူလည်း တနိုင်တပိုင် ဝင်ပြီး ထမ်းပေးခဲ့ရတာလည်း အမှန်ပါပဲ။ ဝိန်းရွန်နီ၊ ဇလာတန်၊ ကာဗာနီ၊ ရော်နယ်ဒိုတို့နဲ့တွဲလည်း ကစားခွင့်ရခဲ့ပြီး အတော်အတန်လည်း သင်ယူခဲ့မှာပါပဲ။အခု ပြဿနာက ရက်ဖို့ဒ်ဟာ လက်ရှိ မန်ယူနိုက်တက်ရဲ့ ပြဿနာပေါင်းများစွာထဲက အထင်ရှားဆုံး ပြဿနာတစ်ခုဖြစ်နေတဲ့ကိစ္စပါ။ တကယ်တော့ မန်ယူနိုက်တက်ရဲ့ ပြဿနာတွေက မြင်နေရတာ တွေလည်း အများကြီးရှိပြီး မမြင်နေရတာတွေလည်း အများကြီးရှိနေတာပါ။ တော်တော်ကို ပြဿနာ တွေများနေတာဖြစ်ပါတယ်။ အဲဒီအထဲမှာ ရက်ဖို့ဒ်ကိစ္စက တစ်ခုဖြစ်နေရုံပါပဲ။ သူ့ကို ခေါက်ထား လိုက်လို့လည်း အသင်းက ခြေစွမ်းထူးတက်မလာသလို၊ သူ့ကို ရောင်းလိုက်လို့လည်း ပြဿနာအား လုံးပြေလည်သွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကို မရောင်းသင့်တာတော့လည်း မဟုတ်ပါဘူး။
လက်ရှိ ယူနိုက်တက်မှာက ကစားသမား အားလုံးနီးပါး ခြေစွမ်းကျနေတာပါ။ အဓိကအားဖြင့် ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုတွေပါ ကျဆင်းနေပြီး တော်ရုံတွန်းလိုက် တိုက်လိုက်ရုံနဲ့တင် လဲကျသွားတာမျိုးတွေ ကို မြင်တွေ့နေရတာပါ။ ပြိုင်ဖက်က ကပ်ဖိရုံနဲ့ ဘာမှမလုပ်နိုင်တော့တာမျိုးတွေပေါ့။ ဒါမျိုးက ပရီးမီး ယားလိဂ်မှာ မရပါဘူး။ ဒါက ရုပ်ပိုင်းဖြစ်ပြီး စိတ်ပိုင်းမှာလည်း အသင်းက မကောင်းတဲ့အငွေ့အသက် တွေ ဝန်းရံနေတာပါ။


ရှုံးပွဲတွေ ဆက်နေတာ၊ နည်းပြတန်ဟက်နဲ့ ပြဿနာတွေက မကြာသေးတာ၊ အသင်းပိုင်ရှင်တွေက အလုပ်သမားတွေ အများကြီးကို အလုပ်ထုတ်ရုံတင်မက မသန်စွမ်းတွေအ တွက် သီးသန့်နေရာတွေကို ဖယ်ထုတ်ပစ်တာ၊ လက်မှတ်ခတွေ ဈေးတင်တာ ဒါမျိုးတွေ အသင်းပရိတ်သတ်မျက်စိထဲမှာ မျက်စိမကျစရာတွေက အများကြီးကို ဖြစ်နေတာပါ။ ခေါင်မိုးတွေ ရေယိုတာ၊ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခန်းထဲမှာ ရေယိုတာ၊ ကြွက်ပြဿနာတွေတက်တာ၊ နည်းစနစ်ဒါရိုက် တာဖြစ်တဲ့ ဒန် အက်ရှ်ဝပ်က ရောက်လာပြီး ၅ လအကြာမှာ ကျန်တဲ့ဘုတ်အဖွဲ့ဝင်တွေနဲ့ ပြဿနာ တက်ပြီး ထွက်သွားတာ။ စဉ်းစားကြည့်ပါ။ ယူနိုက်တက်မှာ ပြဿနာတွေက မနည်းပါဘူး။


နောက်ထပ် ရက်ဖို့ဒ်ပြဿနာတစ်ခုကတော့ သူ့ကို အသင်းက ရောင်းကိုရောင်းချင်တဲ့ ကိစ္စဖြစ်မယ် လို့ ထင်ပါတယ်။ သူ့ကို ပေးထားရတဲ့ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းကျော်ကို လက်ရှိအသင်းပိုင်ရှင် သစ်တွေဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်တို့က သဘောမကျဟန်တူပါတယ်။ အသင်းမှာက အသုံးစ ရိတ်လျှော့ချတဲ့လုပ်ငန်းစဉ်ကိုလည်း လုပ်နေတဲ့အခါကျတော့ လစာများတဲ့ကစားသမားတွေကို သည်းခံချင်စိတ် နည်းနေတာ၊ ဒါမှမဟုတ် သည်းခံပေးဖို့ အစီအစဉ်မရှိတာလည်း ပါပါလိမ့်မယ်။
သူတို့ ခြေစွမ်းပြနေရင်တော့ ပြဿနာမရှိပေမဲ့ ခြေစွမ်းမပြရင်တော့ လစာ ၃ သိန်းကျော်ကို ပေးထား ဖို့ ကြာကြာစောင့်နေမှာမဟုတ်လောက်ပါဘူး။ အဲဒီအပြင် ယူနိုက်တက်က အသင်းရဲ့ နေရာပေါင်းစုံ ကို ပြန်ဖြည့်ပြီး တည်ဆောက်ရမှာပါ။ အဲဒါကလည်း တော်တော်ကို ဆိုးရွားပါတယ်။ အနီးစပ်ဆုံး တန်ဟက်လက်ထက်မှာတင် သန်း ၆၀၀ ကျော်သုံးထားပြီးသားဖြစ်ပေမဲ့ အသင်းက ပြန်တည် ဆောက်ရဦးမှာဖြစ်နေတာက ပရိသတ်တွေအတွက် အတော်လေး စိတ်ပျက်စေလောက်မှာပါ။
အဲရစ်ဆင်၊ ကက်စ်မဲရိုး၊ လုခ်ရှော၊ မလားစီးယား၊ ဒဏ်ရာ တောက်လျှောက်ရနေတဲ့ မေဆန်မောင့်၊ ဒဏ်ရာက ပြန်လာပြီး အပြည့်အဝ ကြံ့ခိုင်ပုံမရသေးတဲ့ ကိုဘီမိုင်နူး၊ ခြေကျနေတဲ့ ဂါနာချို၊ ခြေကျ လာနေပြီး စိတ်ပိုင်းဆိုင်ရာပါ ထိုးကျလာနေတဲ့ ဘရူနို ဒီပြဿနာတွေကို ကြည့်ရင် အသင်းက ဖြည့် ရမယ့်နေရာတွေအများကြီးပါ။ ဒီယေဂို ဒါလော့ကို အစားထိုးစရာလူမရှိတာ၊ လီဆန်ဒရို မာတီနက် ခြေကျလာနေတာ၊ အားကိုးတကြီးခေါ်ထားတဲ့ အိုနာနာက လက်မမှန်တာ ဒါမျိုးတွေကို ကြည့်ရင် ယူနိုက်တက်က ရူဘင် အမိုရင်ရဲ့ ၃-၄-၃ ထဲကို ဝင်အောင်ရော၊ လက်ရှိ ခြေစွမ်းထက်ပါ တက်လာဖို့ လူ အနည်းဆုံး ၄-၅ ယောက်ထပ်ဖြည့်ရဦးမယ့်သဘောပါပဲ။


ဆိုတော့ လူများများ ထပ်ဖြည့်ရဖို့ရှိနေတဲ့အခါ လစာများနေတဲ့လူတွေကို လျှော့ထုတ်ရင်း ငွေများ များ ပြန်ရနိုင်မယ့်ကစားသမားတွေကို ရောင်းပြီး အတန်အသင့်အလားအလာရှိတဲ့လူတွေကို နေရာ တော်တော်များများမှာ ပြန်ဖြည့်ဖို့ ကြိုးစားချင်တဲ့အတွက် ရက်ဖို့ဒ်ပြဿနာက ဒီလို ဖြစ်လာတာ လည်း ဖြစ်နိုင်ပါတယ်။ အဲဒီအပြင် ရက်ဖို့ဒ်ဖက်ကလည်း သူ့လူနေမှုဘဝမှာ အဆင်မပြေမှုတွေများနေပြီး ချစ်သူရည်းစားနဲ့ လည်း လမ်းခွဲခဲ့ရသလို မှားယွင်းတဲ့ တိုင်ပင်မှာ အင်တာဗျူးလုပ်ပြီး အချိန်ကိုက်မဟုတ်တဲ့ သတင်း စကားတွေကို ပြောခဲ့တာကလည်း ပိုဆိုးသွားစေတာပါ။ ဒါကြောင့် လက်ရှိအခြေအနေတွေကို ကြည့် မယ်ဆိုရင် ရက်ဖို့ဒ်ဟာ ယူနိုက်တက်နဲ့ ဇာတ်လမ်း ပြီးဆုံးဖို့ သေချာသလောက်ပါပဲ။ သူ့အနေနဲ့ တခြားနေရာတစ်ခုမှာ အစကနေ ပြန်စနိုင်ဖို့လိုပါတယ်။
နောက်တစ်ချက်ကတော့ ယူနိုက်တက်ဟာ ရည်ရွယ်ချက်ပျောက်ဆုံးနေပြီး ဘာရည်မှန်းချက်မှ မရှိ တဲ့အသင်းတစ်သင်းလို မရေမရာအနာဂတ်တွေနဲ့ နည်းပြတွေ မတည်မြဲမှု များခဲ့တဲ့ အခြေအနေက ကစားသမားတွေအပေါ်ကို ကြီးကြီးမားမား သက်ရောက်ပါတယ်။ ဗန်ဟား၊ မော်ရင်ညို၊ ဆိုးရှား၊ ရင်း နက်၊ တန်ဟက်၊ အမိုရင်တို့ကို ၁၀ နှစ်တောင် မပြည့်သေးတဲ့ အချိန်ကလေးအတွင်းမှာ ဖြတ်သန်း လိုက်ရတဲ့ ရက်ဖို့ဒ်ဟာ နည်းပြတွေနဲ့ သူတို့ စနစ်တွေရဲ့ နောက် လိုက်ကစားရင်း ဆာလောင်မှုနဲ့ ရည် ရွယ်ချက် ယူနိုက်တက်မှာ ပျောက်ဆုံးသွားပုံပါပဲ။ ဒါက သူတစ်ယောက်တည်းလည်း ဟုတ်မယ် မ ထင်ပါဘူး။


အနှစ်ချုပ်ရရင် ရက်ဖို့ဒ်နဲ့ ယူနိုက်တက်က ပြီးသွားပြီလို့ ဆိုလို့ရပါတယ်။ အဲဒီလိုပဲ ဒီနေရာမှာ ထပ် ဖြည့်ပြောချင်တာကတော့ ရက်ဖို့ဒ်ထွက်သွားလို့လည်း ယူနိုက်တက်ပြဿနာတွေက ပြေလည်သွား ဦးမှာ မဟုတ်သေးဘဲ မှန်မှန်ကန်ကန် ဖြတ်သန်းကိုင်တွယ်သွားဖို့ လိုအပ်နေပါသေးတယ်။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

#MMMedia
#MarcusRutherford
#manchesterunited

Related Sports News