ခရိုးအေးရှား တို့ရဲ့ ဂန္ထဝင် ၊ ခရိုးအေးရှား အသင်းကို အဓိက ပြိုင်ပွဲကြီး ၂ ခု ကို ဒုတိယ နဲ့ တတိယ နေရာထိ ဆွဲတင်ပေးခဲ့တဲ့ ကစားသမား ၊ စပါးအသင်းမှာ ဘာ ဆုဖလားအောင်မြင်မှု မှ မရခဲ့သလောက် ရီးရဲလ် အောင်မြေ ကို နင်းပြီး ၂၀၁၂ နောက်ပိုင်း ဆုဖလား အောင်မြင်မှု ၂၈ လုံး ထိ ရရှိနိုင်ခဲ့တဲ့ လက်ရှိ ရီးရဲလ် အသင်း ရဲ့ အသင်းခေါင်းဆောင်ကြီး လူကာမိုဒရစ်ဆိုရင် ဒီနေ့ခေတ် ဘောလုံးလောကမှာ မသိသူမရှိကြလောက်ပါဘူး။ ရီးရဲလ် နဲ့ ခရိုးအေးရှားရဲ့ 𝐁𝐚𝐥𝐥𝐨𝐧𝐝'𝐎𝐫 ဆုရ ကွင်းလယ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး သမိုင်း တစ်လျှောက် အကောင်းဆုံး ကွင်းလယ်လူတွေ ထဲက တစ်ယောက်ဆိုတာ ငြင်းလို မရပါဘူး ။ ဒါပေမဲ့ မိုဒရစ် လက်ရှိ အချိန် ခမ်းနားတဲ့ အောင်မြင်မှုဆီ ရောက်လာဖို့ လွယ်လွယ်လေး ရောက်လာခဲ့တာတော့ မဟုတ်ပါဘူး။ ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝကို ဖြတ်သန်းခဲ့ရပြီး အဆိုးရွားဆုံးဆိုတဲ့ အိပ်မက် ဆိုးထဲကနေ ရုန်းထွက်ခဲ့ရသူပါ။
လူကာမိုဒရစ်တို့ ငယ်ငယ်လေးမှာပဲ ခရိုအေးရှားဟာ ဆားဘီးယားကနေ ခွဲထွက်ဖို့အတွက် စစ်ပွဲတွေဖြစ်ပွါးလာ ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ် အစောပိုင်းတွေမှာ မိုဒရစ်တို့မိသားစုဟာလည်း စစ်ပွဲကနေ ဝေးရာမှာ စစ်ရှောင်ဖို့အတွက် ပြေးခဲ့ရပါတယ်။ အဲဒီတုန်းက မိုဒရစ် ရဲ့ အသက်ဟာ ၆ နှစ်ဝန်းကျင် ပဲ ရှိပါသေးတယ် ။ သူတို့ဟာ သူတို့ကားလေးနဲ့ဆံ့နိုင်သလောက်ကိုသာ သယ်ဆောင်ပြီး စစ်ဘေးလွတ်ရာကို အသက်လုပြေးခဲ့ကြရပါတယ်။
ဇာဒါမှာရှိတဲ့ စစ်ဘေးဒုက္ခသည်များနားခိုရာနေရာမှာ နေထိုင်ခဲ့ကြရပြီး ဘဝက ခက်ခဲကြမ်းတမ်းလွန်းခဲ့ပါတယ်။ ကိုယ်အိမ့်၊ ကိုယ်ရာ၊ ကိုယ့်အလုပ်အကိုင်တွေကိုထားရစ်ခဲ့ရတာကြောင့် နေရာသစ်မှာ ဘယ်လိုမှ အသားမကျ နိုင်ဘဲ ရုန်းကန်ရတာကို နားလည်ကြည့်၊ ကိုယ်ချင်းစာကြည့်လို့ရနိုင်ပါတယ်။ သူ့မိဘတွေကလည်း အတတ်နိုင် ဆုံး ကြိုးစားခဲ့ပေမဲ့ အခြေအနေတွေက ခက်ခဲလွန်းတာကြောင့် ဘာမှတော့ ထူးပြီး မလုပ်နိုင်ခဲ့ပါဘူး။ မိုဒရစ် လေးကိုတောင် အစားအစာ မှန်မှန် ကျွေးဖို့အတွက် ခက်ခဲလွန်းတဲ့အထိပါပဲ။ ဒီလို အစာရေဆာဝဝလင်လင် မစားရသလို၊ အချိန်မှန်လည်း မစားရဘဲ ငတ်တလှည့်၊ ပြတ်တလှည့် ဖြတ်သန်းခဲ့ရတာကြောင့် လူကာမိုဒရစ် လေးဟာ ဖြစ်သင့်၊ ရှိသင့်တဲ့ ထွားကျိုင်းမှုမျိုး ရမလာတော့ပါဘူး။ သူ့အရွယ်တန်းတွေထဲမှာတော့ သူဟာ တကယ့်ကို သေးသေးလေး ဖြစ်လို့နေခဲ့တာပေါ့။
အဲဒီအနားတဝိုက်မှာရှိတဲ့ ဘောလုံးအကယ်ဒမီတစ်ခုရဲ့ နည်းပြတစ်ယောက်က ဒုက္ခသည်တွေကို ထားထားတဲ့ ဟိုတယ်ဝင်းထဲက ကားပါကင်ထဲမှာ သူ ဘောလုံးကစားနေတာကို တွေ့ရှိခဲ့တာက သူ့ဘဝရဲ့ အပြောင်းအလဲလို့ ဆိုရမှာဖြစ်ပါတယ်။ သူ့ကို အကယ်ဒမီဆီ ခေါ်ယူသွားပြီး ဘောလုံးကစားခြင်းကို စနစ် တကျလေ့ကျင့်သင်ကြားပေးခဲ့ကြပါတယ်။ စစ်ပြေးဒုက္ခသည်ကောင်လေးတစ်ယောက်အတွက် နားခိုရာသစ် လေးတစ်ခုပေါ့။ ဒါပေမဲ့လည်း အဲဒီ လေ့ကျင့်ရေးကွင်းက လုံခြုံနေတာတော့ မဟုတ်သေးပါဘူး။ ဗုံးတွေကျဲ၊ အမြှောက်တွေနဲ့ပစ်လာတဲ့အချိန်မှာ ပြေးနိုင်အောင် အဆင်သင့်ပြင်ထားရင်းနဲ့ လေ့ကျင့်ခန်းတွေကို လုပ်ခဲ့ကြရတာပါ။ လူမမည်အရွယ်ပဲရှိသေးတဲ့ လူကာမိုဒရစ်အတွက်တော့ ဒီစစ်ဘေးရှောင်အတွေ့အ ကြုံတွေဟာ သူ့ဘဝရဲ့ ထောင့်ချိုးတွေ၊ ချောင်တွေထဲမှာ အမြဲ ခိုကပ်ခြောက်လှန့်နေတော့မယ့် အရိပ်မည်းတွေ ဆိုတာကို အဲဒီအချိန်ကတည်းက သေးငယ်လှတဲ့ ဦးနှောက်လေးထဲမှာ တွေးမိလောက်ပါပြီ။ အဲဒီလို ဦးနှောက်က အသိမှတ်ဥာဏ်ဆိုးတွေကို သိမ်းဆည်းထားနေရတဲ့ တချိန် တည်းမှာပဲ သူ့နှလုံးသားဟာ သူလက်မခံလိုတဲ့ ရင်ကွဲနာကျစရာ ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပါတယ် ။
အဲဒါကတော့ မိုဒရစ် အရမ်း ချစ်ခင်တွယ်တာရတဲ့ သူ့ကိုလည်း အလွန် ချစ်ခင်လှတဲ့ သူ့အဖိုးလုပ်သူဟာ စစ်ပွဲတွေ စဖြစ်တဲ့ကာလမှာပဲ ဆားဘီးယားသူပုန်တွေက သုတ်သင် သတ်ဖြတ်တာကို ခံလိုက်ရတဲ့ဖြစ်ရပ်ပါ။ သူ့အဖိုးနဲ့အတူ ရွာသားပေါင်းများစွာလည်း သတ်ဖြတ်ခံခဲ့ရပါတယ်။ လူကာမိုဒရစ်လေးရဲ့ အမှတ်တရတွေ ကိန်း အောင်းနေတဲ့ သူ့အဖိုးအိမ်လေးဟာလည်း မီးရှို့ပြာချခံခဲ့ရပါတယ်။ အဲဒီအဖိုးလုပ်သူရဲ့ နာမည်ကလည်း လူကာ မိုဒရစ်ပဲဖြစ်ပြီး ဒီကောင်လေးကို သူ့နာမည်ပေးထားတာ ကြည့်မယ်ဆိုရင် သူတို့ မြေးအဖိုး ကြား က နှစ်ယောက် ရဲ့ သံယောဇဉ် ကို တွေ့ နိုင်မှာပါ ။
၆ နှစ်သားအရွယ် လူညှက်ညှက်ကလေးတစ်ယောက်ရဲ့ ခြေထောက်တွေဟာ ဗုံးတွေ၊ အမြှောက်ဆံတွေ ကျ မလာသေးတဲ့ မြက်ခင်းစိမ်းတွေပေါ်မှာ ပြေးလွှားရင်း ဘောလုံးတွေကို တို့ထိရင်း လေ့ကျင့်နေတဲ့အချိန်၊ သူ့ရဲ့ သေးငယ်လှတဲ့ နှလုံးသားကတော့ သူ့အချစ်ရဆုံးသူတစ်ယောက် မရှိတော့ပြီဆိုတဲ့အချက်ကို လက်ခံနိုင်ဖို့ ပင်ပန်းတကြီးအားထုတ်နေခဲ့ရပါတယ်။ဒါဟာ မိုဒရစ်ရဲ့ဘဝကို တဆစ်ချိုး ပြောင်းလဲထုဆစ်ပေးလိုက်တဲ့ ဖြစ်ရပ်ဆိုး၊ အိပ်မက်ဆိုးကြီးပါပဲ။
ဒါပေမဲ့ မိုဒရစ် ဟာ အဲဒီဖြစ်ရပ်ဆိုး၊ အိပ်မက်ဆိုးကြီးရဲ့အောက်မှာ အလူးလူးအလိမ့်လိမ့်နဲ့ မျက်ရည်တွေ ကျနေခဲ့ရလင့်ကစား ဒူးတော့ မထောက်ခဲ့ပါဘူး။ အဲဒီအိပ်မက်ဆိုးကို ခမ်းနားတဲ့ အိပ်မက်တစ်ခုအဖြစ် အသွင်ပြောင်းဖို့ သူ့ ကိုယ်တိုင်ပဲ လက်သေးသေး၊ ခြေသေးသေးလေးတွေနဲ့ အားထုတ်ခဲ့ပါတယ်။
ဇာဒါအကယ်ဒမီမှာ ၁၉၉၆ ကနေ ၂၀၀၀ ခုနှစ်အထိ လေ့ကျင့်ခဲ့ပြီးနောက်မှာ လူကောင်သေးပေမဲ့ မာကျောပြီး အရည်အချင်းရှိတဲ့သူ့ကို ဒိုင်နမိုဇာဂရက်အသင်းက လူငယ်အသင်းအတွက် ခေါ်ယူခဲ့ပါတယ်။ ၂၀၀၀ ကနေ ၂၀၀၃ ထိ အဲဒီက လူငယ်အသင်းမှာ လေ့ကျင့်နေခဲ့ပြီး ၂၀၀၃ မှာတော့ စီနီယာအသင်းမှာ ပွဲထွက်ခွင့်ရရှိလာခဲ့ပါပြီ။ အငှားထွက်ကစားရတဲ့ ကာလတွေရှိခဲ့ပေမဲ့ ဇာဂရက်မှာ ၉၆ ပွဲကစား ၂၆ ဂိုးသွင်းပေးခဲ့ကာ အစွမ်းပြနိုင်ခဲ့ ပါတယ်။ ၂၀၀၈ မှာတော့ သူဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ရောက်ရှိလို့လာခဲ့ပါပြီ။ အဲဒီကနေမှ သူ့ အစွမ်းအစကို ကမ္ဘာက သိမြင်လာခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာတော့ ဥရောပဘောလုံးသမားတွေရဲ့ အိပ်မက်အသင်း တစ်သင်းဖြစ်တဲ့ မိုဒရစ် ရဲ့ အောင်မြေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိသွားခဲ့ပါတော့တယ်။ ရီးရဲလ်မက်ဒရစ် ကို ရောက်စမှာ မိုဒရစ် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ၂၀၁၂ ခုနှစ် ရဲ့ အဆိုးရွားဆုံး ခေါ်ယူမှု အဖြစ် ပါ သတ်မှတ်ခံခဲ့ရတာပါ ။
၂၀၁၈ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားအသင်းကို ဒုတိယရအောင် စွမ်းဆောင်ပေးခဲ့တဲ့သူဟာ𝐁𝐚𝐥𝐥𝐨𝐧𝐝'𝐎𝐫 အပြင် ချံပီယံလိဂ် ၆ ကြိမ် နဲ့ အခြားဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူးထားသူ၊ ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆုဖလားပေါင်းများစွာကို သိမ်းပိုက် ထားနိုင်ခဲ့သူ၊ သူ့မျိုးဆက်က ကွင်းလယ်ကစားသမားတွေထဲမှာ အကောင်းဆုံးတစ်ယောက်လို့ ကမ္ဘာကြီးကပါ လက်ခံရတဲ့သူဖြစ်လာခဲ့ပါပြီ။ အဖိုးလုပ်သူရဲ့ နာမည်ကိုယူထားတဲ့ ကောင်လေးတစ်ယောက် ခမ်းနားနိုင်ခဲ့ပြီ ပေါ့။
ဆာဆာလောင်လောင်၊ ထိတ်ထိတ်လန့်လန့်နဲ့ ပြေးလွှားနေခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ ရင်ကွဲပက်လက် မျက်ရည်တွေကို ခံလင့်ပေးခဲ့တဲ့ ဇာဒါအရပ်က မြက်ခင်းစိမ်းတွေဟာ အခုတော့ ဂုဏ်ယူဝင့်ကြွားနေကြတော့မှာ ပါပဲ။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"