ဖာဘရီဂက်လို့ ဆိုလိုက်တာနဲ့ အာဆင်နယ် ကွင်းလယ်ကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ထိန်းကျောင်းပေးသွားခဲ့တဲ့ ကစားသမားတစ်ဦးကို ပြေးမြင်ကြမှာပါ။ ကွင်းလယ်မှာ ကစားတဲ့ သူ့ရဲ့ ကစားပုံနဲ့ ဘောလုံးအမြင်က အဆင့်မြင့် လွန်းတာကြောင့် သူ့ရဲ့ အရွယ်အစားကိုတောင် အားလုံးက မေ့ပျောက်သွားစေခဲ့တဲ့အထိပါပဲ။ တကယ့်ကိုအရေးပါ တဲ့ ကစားသမားတစ်ဦးအဖြစ် ရှိခဲ့တာပါ။ ဘာစီလိုနာအသင်းမှာလည်း သွားပြီး အောင်မြင်မှုတွေ ရယူခဲ့သလို ချယ်လ်ဆီးမှာလည်း မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့သူဆိုရင် မမှားပါဘူး။
တကယ်တော့ ဖာဘရီဂတ်စ်က ဘာစီလိုနာ လာမာစီယာအကယ်ဒမီထွက်ပါ။ လာမာစီယာကို တန်းရောက်တာ တော့ မဟုတ်ဘဲ ကက်တလန်ဒေသအခြေစိုက် တခြားကလပ်အသင်းတစ်ခုဖြစ်တဲ့ မာတားရိုးရဲ့ လူငယ်လေ့ကျင့် ရေးစင်တာမှာ စတင်လေ့ကျင့်ခဲ့ပြီး ၂ နှစ်ကြာမှ လာမာစီယာကို ရောက်သွားခဲ့တာဖြစ်ပါတယ်။ အရည်အသွေးရှိတဲ့ လူငယ်ကစားသမားလို့ ယူဆတဲ့အတွက် အကယ်ဒမီကို ဘာစီလိုနာက ခေါ်ထားလိုက်တဲ့သဘောပါပဲ။ ဖာဘရီဂတ်က ၁၉၈၇ ခုနှစ် မေ လ ၄ ရက်နေ့မှာ မွေးပါတယ်။ ကက်တလန်ဒေသ၊ ဘာစီလိုနာ ခရိုင်ဇာတိပါပဲ။ ဘာစီလိုနာမှာ သူ ၂၀၀၃ ခုနှစ်အထိ ၆ နှစ်ကျော်ကြာလေ့ကျင့်ခဲ့ပြီးတဲ့နောက် ၂၀၀၃ မှာတော့ အာဆင်နယ်အသင်း ကို ရောက်ရှိသွားခဲ့ပါတယ်။ ရောက်သွားခဲ့တုန်းကတော့ လူငယ်ကစားသမားအဖြစ်ပါပဲ။ ဒါပေမဲ့ အသင်းလိုအပ် ချက်ကြောင့် ၂၀၀၃ မှာပဲ စပြီး ပွဲထွက်ကစားလာခဲ့ရပါတယ်။
သူ့ကို ဖန်သားပြင်ပေါ်မှာ ရုတ်တရက်ကြည့်လိုက်ရင် အတော် ပုသေးတဲ့ ကစားသမားလို့ ထင်ရပေမဲ့ တကယ်တမ်း သူက အရပ် ၅ ပေ ၁၀ လက်မရှိပါတယ်။ သို့သော် ကိုယ်ကာယအားကို အရမ်းအားပြုတဲ့ ပရီးမီးယားလိဂ်မှာတော့ သူ့ တည်ဆောက်ပုံက ခပ်ပျော့ပျော့လို့ ထင်ချင်စရာပါပဲ။ ဒါပေမဲ့ သူက ကိုယ်ကာယထက် ဉာဏ်နဲ့ ကစားတဲ့ က စားသမားမျိုးဖြစ်တာကြောင့် ကောင်းကောင်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကွင်းလယ်မှာ ကစားပြီး အာဆင်နယ်အတွက် ၈ နှစ်ကျော် ကစားပေးခဲ့ကာ အသင်းခေါင်းဆောင်လက်ပတ်တွေကို တောင် ဝတ်ဆင်တာဝန်ယူခဲ့ဖူးသူပါ။ ဘောလုံးအမြင်ကောင်းတာ၊ လှည့်ထွက်ပုံတွေ ညက်ညောတာ၊ သပ်သပ်ရပ် ရပ်ကစားနိုင်တာတွေကြောင့် သူ့ ကစားဟန်က တော်တော်လေး မျက်စိကျချင်စရာပါပဲ။ ဒဏ်ရာသာ ကင်းစင်ခဲ့ မယ်ဆိုရင် ဒီထက် အများကြီးကို အာဆင်နယ်မှာ အလုပ်ဖြစ်ခဲ့မှာပါ။ ဒါပေမဲ့ မမေ့ထားဖို့က သူ စကစားခဲ့တဲ့ ၂၀၀၃-၀၄ ရာသီကနေစလို့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နဲ့ သရဖူနဲ့ ဝေးလာခဲ့ပြီး ကွင်းသစ်စီမံကိန်းနဲ့ အတူ အသင်းက ဆုဖလားတွေကို စိန်ခေါ်တဲ့အသင်းအဖြစ်ကနေ လျှောကျနေခဲ့ရတဲ့အခြေအနေပါ။
ဒါတောင်မှ သူက အာဆင်နယ်မှာ အက်ဖ်အေဖလားတစ်လုံး၊ ရယူပေးခဲ့ပြီး ၂၀၀၅-၀၆ ချန်ပီယံလိဂ်ဖိုင်နယ်တက်ခဲ့ တဲ့အသင်းမှာလည်း ပါပါတယ်။ ၂၀၁၁ မှာတော့ သူဟာ အာဆင်နယ်အသင်းကနေ သူ့မူလဘူတ စတင်ခဲ့ရာနေရာ ဖြစ်တဲ့ ဘာစီလိုနာကို ပြန်သွားခဲ့ပါတော့တယ်။ ဘာစီလိုနာရဲ့ အဲဒီခေတ်က ကွင်းလယ်အစုအဖွဲ့မှာ သူ့ကိုပါ ပေါင်း စပ်လိုက်တဲ့အခါ တကယ့်ကို ကြောက်စရာပါပဲ။ သူ့ ကစားဟန်က ဘာစီလိုနာနဲ့လည်း အရမ်းကို လိုက်ဖက်မယ်ဆို တာ စပြီး ပြောင်းသွားကတည်းက အားလုံး လက်ခံထားကြပြီးသားပါ။
ဒါပေမဲ့ သူ ဘာစီလိုနာမှာ ကြာကြာမနေခဲ့ပါဘူး။ ၂၀၁၄ အထိပဲ ကစားခဲ့ပါတယ်။ ဇာဗီ၊ အင်နေ ယက်စတာ၊ ဘူးစကွက်တို့ ကွင်းလယ်အထိုင်ထဲမှာ သူက ကစားရချိန်လည်း နည်းတာကြောင့် ပရီး မီးယားလိဂ်ကို ပြန်လာခဲ့ပေမဲ့ သူပြန်လာတဲ့အသင်းကတော့ ဝမ်းနည်းစရာကောင်းလောက်အောင် အာဆင်နယ်အသင်းဟုတ်မနေခဲ့ပါဘူး။ ချယ်လ်ဆီးကို သူရောက်လာခဲ့တာပါ။ လန်ဒန်မြို့ခံပြိုင်ဖက် အသင်းတစ်သင်းဆီကိုပေါ့။ ဘာစီလိုနာမှာ တိုတောင်းလှတဲ့ ကာလလေးပဲ နေခဲ့ပေမဲ့ လာလီဂါ ၁ လုံး၊ ကိုပါဒယ်ရေး ၁ လုံး၊ စပိန် ဘုရင့်ဖလား ၁ လုံး၊ ဥရောပစူပါဖလား ၁ လုံး၊ ကလပ်ကမ္ဘာ့ဖလား ၁ လုံးတော့ ရယူနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးမှာတော့ သူ ၅ ရာသီကစားခဲ့ပြီး တခြားအသင်းတွေထက်စာရင် ချယ်လ်ဆီးမှာ အဓိက ဆုဖလားတွေ အအောင်မြင်ဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ၂ ကြိမ်ကို ချယ်လ်ဆီးနဲ့ပဲ ရခဲ့တာဖြစ်သလို အက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား (ကာရာဘောင်း) ၁ ကြိမ်တို့ကိုလည်း ရ ယူနိုင်ခဲ့ပါတယ်။
အဲဒီအပြင် သူ့ကို ပိုပြီး ပြည့်စုံသွားစေခဲ့တာကတော့ ၂၀၁၀ မှာ စပိန်အသင်းနဲ့ ကမ္ဘာ့ဖလားရခဲ့သလို ၂၀၀၈ နဲ့ ၂၀၁၂ တို့မှာ ဥရောပဖလားကို ၂ ကြိမ်တောင် သိမ်းပိုက်နိုင်ခဲ့တာပါ။ အဲဒီကာလ စပိန်ရဲ့ ရွှေ ခေတ်မျိုးဆက်ထဲက ကစားသမားတစ်ဦးဆိုရင်လည်း မမှားပါဘူး။ ကလပ်အသင်းကစားသမားဘဝ မှာတော့ ကံဆိုးစွာပဲ ဥရောပအောင်မြင်မှုတွေ မရခဲ့ဖူးတာ တော်တော်ဆိုးပါတယ်။အာဆင်နယ်နဲ့ ဖိုင် နယ် ၁ ကြိမ်တက်ခဲ့သလို ဥရောပကို အုပ်စိုးနေတဲ့ ဘာစီလိုနာနဲ့ ဂွါဒီယိုလာရဲ့ ခေတ်ကောင်းကို လည်း သူက ကပ်လွဲသွားခဲ့ပါတယ်။ ချယ်လ်ဆီးတို့ ဥရောပအောင်မြင်မှုရတော့လည်း သူက အသင်း ကိုရောက်မလာသေးပါဘူး။ တကယ့်ကို အကုန်လုံးနဲ့ တေ့လွဲလွဲခဲ့တာပါ။
ဒါပေမဲ့လည်း ဥရောပဖလား ၂ ကြိမ်နဲ့ ကမ္ဘာ့ဖလား ၁ ကြိမ် ချန်ပီယံဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကတော့ လုံးဝကို ဂုဏ်ငယ်စရာမရှိပါဘူး။ ခြေစွမ်းပိုင်းအရလည်း ကောင်းမွန်ပြီး ခြေစွမ်းကျနေတဲ့ပွဲဆိုတာမျိုး သိပ်တွေ့ရတာမရှိပေမဲ့ ဒဏ်ရာမကြာခဏရတတ်တာသာမဟုတ်ခဲ့ရင် ဒီထက်အများကြီးကို အသိအ မှတ်ပြုမှုတွေနဲ့ ထိုက်တန်တဲ့ကစားသမားတစ်ယောက်ဆိုတာ မလွဲပါဘူး။
သူ့ခေတ်မှာ ပေါ်ထွက်ခဲ့တဲ့ တကယ့်ထိပ်ထိပ်ကြဲကွင်းလယ်ကစားသမားတွေရဲ့ နာမည်တွေနောက် မှာ လောင်းရိပ်မိနေပေမဲ့ ဖာဘရီဂတ်ဟာလည်း တကယ့်ကို ကောင်းမွန်တဲ့ ကမ္ဘာ့အဆင့်ကွင်းလယ် ကစားသမားဖြစ်ခဲ့ဖူးတယ်ဆိုတာ လက်ခံကြရမှာဖြစ်ပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"