အားကစားသတင်းများ

၂၀၂၄ အကောင်းဆုံး အာဖရိကကစားသမား ဆုရှင် အဒီမိုလာ လွတ်ခ်မန်း

blog image

December 28, 2024

လွတ်ခ်မန်းရဲ့ နာမည်က ဘောလုံးနဲ့ပတ်သက်တဲ့အသိုင်းအဝိုင်းမှာ ပြောစရာတစ်ခုဖြစ်လာတာ အချိန်တစ်ခု တော့ရှိလာပါပြီ။ နောက်တစ်နည်းပြောရရင် အတ္တလန္တာ အတက်မှာ လိုက်ပါလာတဲ့ ကစားသမားတွေထဲက တစ်ယောက်ပါပဲ။ လူငယ်ကစားသမားတော့လည်း မဟုတ်တော့ဘဲ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြရတော့ မယ့်အချိန်၊ အမြင့်ဆုံးပုံစံကို ရောက်ရတော့မယ့် အသက် ၂၇ နှစ်ကို ရောက်နေပြီဖြစ်ပါတယ်။


လွတ်ခ်မန်းက နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းမှာ ကစားနေတာဖြစ်ပေမဲ့ သူ့ဇာတိက အင်္ဂလန်ပါ။ လန်ဒန် မြို့၊ ဝန်းဒ်ဝါ့သ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဝါတာလူးအသင်းမှာ စတင်ပြီး လေ့ကျင့်ခဲ့ရတာပါ။ မိဘတွေကတော့ နိုင်ဂျီးရီးယား ရွှေ့ပြောင်းနေထိုင်သူတွေပါပဲ။ ချာလ်တန် အက်သလက်တစ်အသင်းမှာ နောက်ပိုင်း လူငယ်ကစားသမားအဖြစ် ပြောင်းလဲကစားခဲ့ပြီး ၂၀၁၅ မှာ ချာလ်တန်အသင်းနဲ့ပဲ အသင်းကြီးမှာ ပွဲဦးထွက်ခဲ့တဲ့သူပါ။ သူ့ကို တော်တော်များများက အဲဗာတန်မှာ ကစားခဲ့တုန်းက သတိထားမိခဲ့မယ်ထင်ပါတယ်။ အသင်းမှာ အခြေမကျခဲ့ဘဲ သူ့အကောင်းဆုံးပုံစံနဲ့အလားအလာကို မထုတ်ပြနိုင်ခဲ့ပါဘူး။ အဲဗာတန်ကို သူရောက်လာတဲ့အချိန်ဆိုတာ ကလည်း အသက် ၂၀ ပဲရှိသေးတာပါ။ တစ်ချို့ကစားသမားတွေက အသက် ငယ်ငယ်မှာ ထင်ထားသလောက် မဟုတ်သေးပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ ပိုကောင်း၊ ပိုတိုးတက်လာပြီး အကောင်းဆုံးပုံစံ၊ အသက်အရွယ် ရောက်မှာ သူတို့ဖြစ်နိုင်စွမ်းအပြည့်ကို ထုတ်ပြကြတာမျိုးလည်း ရှိတတ်တာပါပဲ။ ဂျင်မီ ဗာဒီက အကောင်းဆုံးဥပမာဆိုပါတော့။


အဲဗာတန်မှာ ကစားရတာထက် လိုက်ပ်ဇစ်ကို အငှားထွက်ကစားရတာနဲ့ပဲ အချိန်ကုန်သွားခဲ့ပါ တယ်။ နောက်တော့ လိုက်ပ်ဇစ်ကို အပြီးရောက်သွားတာပါပဲ။ အဲဒီမှာလည်း သူ့အကောင်းဆုံးကိုမရခဲ့ပြန်ပါ ဘူး။ သူ ဖူလ်ဟမ်ကို အငှားရောက်လာတာတဲ့အချိန်မှာတော့ သူ့ဖြစ်နိုင်စွမ်းကို စပြီး ပြလာနိုင်ခဲ့ပါ တယ်။ နောက် လက်စတာစီးတီးကိုလည်း လာကစားခဲ့သေးပြီး ခြေစွမ်း မဆိုးလှဘူးဆိုပါတော့။
အကောင်းဆုံးပုံစံကို အပြည့်အဝထုတ်ပြနိုင်ခဲ့တာကတော့ ၂၀၂၂ မှာ အတ္တလန္တာအသင်းကို ရောက် လာခဲ့ပြီး နည်းပြကြီး ဂက်စ်ပါရီနီ လက်အောက်ကို ရောက်တဲ့အချိန်မှာပါပဲ။ ဒီအချိန်မှာတော့ သူရဲ့ ပေါက်ကွဲအား၊ တိုက်ရိုက်ဆန်မှု၊ ဆုံးဖြတ်ချက်မှန်ကန်မှုတွေနဲ့ သူက ဘာလဲဆိုတာကို ထုတ်ပြလာ နိုင်ခဲ့ပါပြီ။ သူ့ကို လွတ်ခ်မန်းရယ်လို့ဖြစ်စေတာက သူ့ရဲ့ စုံလင်တဲ့ ကစားဟန်ပါ။ သူက ပေါက်ကွဲ အား၊ မြန်နှုန်း၊ တိုက်ရိုက်ဆန်မှု၊ ကန်ချက်တွေနဲ့ ခြိမ်းခြောက်နိုင်တဲ့သူဖြစ်သလို အနီးကပ်အကြပ်ထဲ မှာ ဘောလုံးကိုင် ကောင်းကောင်းထိန်းသိမ်းကစားနိုင်တာလည်းဟုတ်ပေမဲ့ သူ့ အကျိုးသက်ရောက် မှုတွေက ဒီထက် ပိုပါသေးတယ်။


လွတ်ခ်မန်းက ပြိုင်ဖက် ခံစစ်ကြောင်းကို ပြဿနာရှာပေးမဲ့ ကစားသမားတစ်ယောက်ပါ။ သူ့ရဲ့ တစ် ဦးချင်းကျော်ဖြတ်နိုင်စွမ်းကြောင့် ပြိုင်ဖက်အနေနဲ့ သူ့ကို ထိန်းဖို့ဆိုရင် ခံစစ်မှာ ၂ ယောက်လောက် တော့ လိုအပ်ပါတယ်။ အဲဒီအပြင် ဇုန်အလိုက်ပိတ်ဆို့မှုတွေပါ လုပ်ထားဖို့ လိုတာပါ။ ဒီလို ကစားသ မားတွေက ပါးနပ်ရင် ပါးနပ်သလောက် ပြိုင်ဖက်ကို ကောင်းကောင်း မွှေနိုင်ပါတယ်။ သူက တိုက်ရိုက်မွှေနှောက်လို့လည်း ရသလို သူ့ကို တားဖို့ ကြိုးစားနေတဲ့ ပြိုင်ဘက်နောက်ခံလူတွေကို ပုံစံ ပျက်သွားအောင် လုပ်ပြီးလည်း ဒုက္ခပေးတတ်တဲ့ ကစားသမားမျိုးတွေပါ။


သူ့ကို တားဖို့ လူကပ်ပြီးရော၊ ဇုန်အရပါ ပိတ်ဆို့နေရာယူထားတဲ့ ခံစစ်ကြောင်းကို သူက လိုသလို ဆွဲ ခေါ်သွားပြီး နေရာလွတ်တွေ ပေါ်လာအောင်၊ ကိုယ့် တိုက်စစ်ကစားသမားတွေ လှုပ်ရှားသာအောင် လုပ်ပေးတာက နောက်ထပ် သူ့ရဲ့ ကြီးမားတဲ့ စွမ်းဆောင်ချက်မျိုးပါ။ လွတ်ခ်မန်းက ဘယ်ရော၊ ညာ ရော သုံးနိုင်တဲ့သူဖြစ်တာကြောင့် အများကြီး အားသာပါတယ်။ ဒါကလည်း ဂက်စ်ပါရီနီရဲ့ စနစ် ကြောင့်ရော၊ သူ့အသင်းဖော်တွေရဲ့ လိုက်ပါကူညီမှုတွေကြောင့်လည်း အများကြီးပါမှာပါ။
အင်္ဂလန် လန်ဒန်ဖွားဖြစ်ပေမဲ့ အာဖရိက နိုင်ဂျီးရီးယားအသင်းကို ကိုယ်စားပြုဖို့ ရွေးချယ်ခဲ့တာက လည်း သူ့အတွက် တော်တော်လေးတော့ အဆင်ပြေစေပါတယ်။ အင်္ဂလန်အသင်းဆိုတာက သိတဲ့ အတိုင်း မလိုလားအပ်တဲ့ ဖိအားတွေ အများကြီးကို ယူဆောင်လာတတ်တဲ့နေရာမဟုတ်လား။ အထူး သဖြင့် အာဖရိကန်ကစားသမားတွေဆိုရင် ခြေစွမ်းမပြနိုင်တာနဲ့ လူမျိုးရေး ခွဲခြားမှုတွေက နောက် ကနေလိုက်လာတတ်တာပါ။ လွန်ခ်မန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက စီးရီးအေမှာ ၃၁ ပွဲကစား ၁၁ ဂိုးသွင်း ၈ ဂိုးဖန်တီးပေးခဲ့သလို ယူ ရိုပါလိဂ်မှာလည်း ၁၁ ပွဲကစား ၅ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ တကယ်ကိုကောင်းမွန်တဲ့ မှတ်တမ်းမျိုးပါပဲ။ အထူးသဖြင့် တိုက်စစ်အစွန်ကစားသမားတစ်ယောက်အနေနဲ့ဆိုရင်ပေါ့။ လှပတဲ့ ကန်ချက်တွေကိုလည်း ပြုလုပ်ပေးထားနိုင်သလို ပါးနပ်တဲ့ ပေးပို့မှုတွေကလည်း သူ့အသင်းဖော်တွေ အတွက် အများကြီး အထောက်အကူပြုနိုင်ခဲ့ပါတယ်။


ဒီရာသီမှာတော့ ချန်ပီယံလိဂ်ကို ရောက်နေပြီး ၅ ပွဲမှာ ၃ ဂိုးသွင်း ၁ ဂိုးဖန်တီးထားတယ်ဆိုတာ တော် တော်ကောင်းတဲ့အနေအထားပါ။ စီးရီးအေမှာလည်း ၁၄ ပွဲကစားထားပြီး ၉ ဂိုးသွင်း ၄ ဂိုးဖန်တီးထား တယ်ဆိုတာ အတော်လေးကို အထင်ကြီးလောက်ပါတယ်။ အဲဒီအပြင် ဒီဂိုးနဲ့ ဖန်တီးမှုတွေထက် သူ့ ကို ပို အသိအမှတ်ပြုသင့်တာက အသင်းရဲ့ ကစားကွက်ထဲမှာ သူ ဖန်တီးပေးနေတဲ့ နေရာလွတ်တွေ၊ ကစားကွက်မှာ ပါဝင်မှုတွေပါပဲ။ ဒီလို ကစားသမားအနေနဲ့ အာဖရိကတစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရတာ မထူးဆန်းလှ ပါဘူး။ သူ့အသက်လည်း ၂၇ ရောက်နေပြီဆိုတော့ အကောင်းဆုံး ပုံစံအနေနဲ့ ဆက်ရှိနေနိုင်မယ့် သူ့ ရဲ့ ရှေ့လျှောက် ၃-၄ နှစ်ဟာ အရေးအပါဆုံးကို ရောက်လို့နေပါပြီ။ တကယ်လို့ သူ့ကို တခြားအသင်း ကြီးတသင်းက ဒီအချိန်မှာ ချဉ်းကပ်လာမယ်ဆိုရင်လည်း အံ့အားသင့်စရာမရှိပါဘူး။ အသင်းတွေ တော်တော်များများကို အငှားပတ်ကစားခဲ့ရတဲ့ တစ်ချိန်က လူငယ်ကစားသမားတစ်ယောက်ဟာ အသက် ၂၇ မှာတော့ သူ ဘာလဲဆိုတာ ထုတ်ပြနိုင်ခဲ့ပါပြီ။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

#MMMedia
#AdemolaLookman
#Aferica


Related Sports News