၂၀၁၅-၁၆ ရာသီတုန်းက လက်စတာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တယ်ဆိုတာဟာ လွန်ခဲ့တဲ့ ၈ နှစ် လောက်မှာ ကျန်ခဲ့ပြီဖြစ်တဲ့ကိစ္စဖြစ်သလို ပြန်တွေးကြည့်ရင် တကယ်ဖြစ်ခဲ့တာလိုလို၊ အိပ်မက်လိုလို။ လက်စတာလို အသင်းက ပရီးမီးယားလိဂ်လို လိဂ်မှာ ချန်ပီယံသရဖူကို အသင်းကြီးတွေကနေ ကျော်ဖြတ်ပြီး ရယူသွားနိုင်ခဲ့တယ်ဆိုတာ ကိုယ်တွေ့သာ မကြုံခဲ့ရင် ဘယ်လိုများဖြစ်ခဲ့ပါလိမ့်လို့ သံသယဖြစ်ချင်စရာကြီးပါ။
အဲဒီနှစ်က သူတို့ဟာ ပွတ်ကာသီကာနဲ့ ဖလားယူသွားခဲ့တာတောင်မဟုတ်ပါဘူး။ ရာသီအကုန်မှာ ဒု တိယနေရာက အာဆင်နယ်ကို ၁၀ မှတ်၊ တတိယနေရာက စပါးကို ၁၁ မှတ်ဖြတ်ပြီး ဖလားသိမ်းပြ သွားခဲ့တာပါ။ မန်စီးတီးက အဆင့် ၄ ကိုရောက်နေခဲ့ပြီး မန်ယူနိုက်တက်ကတော့ အဆင့် ၅ မှာပါ။ လီ ဗာပူးကတော့ အဆင့် ၈ ရောက်နေပါတယ်။ အခု ခြေမာနေတဲ့ နယူးကာဆယ် တန်းဆင်းသွားတဲ့ရာ သီ။ အခု တန်းစီဇယားထိပ်ဆုံးနားရောက်နေတဲ့ နော်တင်ဟမ်ဖောရက်တို့ တန်းတောင် တက်မလာ သေးတဲ့အချိန်။ ဒီလိုတွေးကြည့်တော့ ပရီးမီးယားလိဂ်ဟာလည်း အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ များ လွန်းခဲ့ပါတယ်။
အဲဒီတုန်းက အာဆင်နယ်မှာ အာစင်ဝင်းဂါး ကိုင်တွယ်နေတုန်းဖြစ်ပြီး စပါးမှာတော့ ပိုချက်တီနိုကိုင် နေပါတယ်။ မန်စီးတီးက ပယ်လီဂရီနီ လက်အောက်မှာဖြစ်ပြီး ယူနိုက်တက်မှာတော့ ဗန်ဟားပါ။ လီ ဗာပူးကတော့ အောက်တိုဘာအထိ ရော်ဂျာ ကိုင်ခဲ့ပြီး အဲဒီနောက် ယာဂင်ကလော့ကိုင်တွယ်ခဲ့ပါ တယ်။ ကလော့ ရောက်ခါစ ရုန်းကန်ရတဲ့ ရာသီဆိုရင်လည်း မမှားပါဘူး။ အဲဒီအချိန်မျိုးမှာ လက်စ တာကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးခဲ့တဲ့သူကတော့ ရာနီရေရီပါပဲ။
တကယ်တော့ လက်စတာမှာ တကယ်ကောင်းတဲ့အစုအဖွဲ့ရှိပါတယ်။ သို့သော် အဲဒီအချိန်မှာတော့ လူတွေက သတိထားမိချင်မှ ထားမိခဲ့ကြဦးမှာပေါ့။ အများအားဖြင့်က အသင်းကြီးတွေကိုပဲ ဂရုစိုက် ခဲ့ကြတာမဟုတ်လား။ ပြီးတော့ လက်စတာဆိုတာကလည်း ၂၀၁၃-၁၄ မှာမှ တန်းတက်လာပြီး ၂၀၁၄-၁၅ မှာ အဆင့်၁၄ နဲ့ ရာသီပိတ်ထားတဲ့အသင်းမဟုတ်လား။ ဘယ်သူက ဂရုစိုက်မိကြမှာလဲ။
လက်စတာ လူအစုအဖွဲ့ထဲမှာ ကက်စ်ပါ ရှမိုက်ကယ်၊ ရှဝါဇာ စတဲ့ ဂိုးသမားတွေလည်း ရှိသလို ဒရင့် ဝါးတာ၊ အော်ဘရိုက်တန်၊ ကန်တေ၊ ဒီမာရိုင်း ဂရေး၊ မာရက်ဇ်၊ ဂျေမီဗာဒီတို့ ရှိခဲ့ကြပါတယ်။ ကန် တေ၊ ဒီမာရိုင်း ဂရေး၊ အမာတေ၊ ဂေါ့ခ်ဟန် အင်လာတို့ကို အဲဒီနှစ်ကမှ ခေါ်ထားတာပါ။ ကျန်တဲ့ အသင်းကြီးတွေရဲ့လူစာရင်းနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ သူတို့ လူစာရင်းက ချန်ပီယံဖြစ်နိုင်တဲ့ လူစာရင်းလို့ ပြောဖို့ ခက်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဂျေမီ ဗာဒီက ဘယ်လိုကစားသမားဖြစ်လာ ခဲ့သလဲ၊ မာရက်ဇ် ဘာတွေလုပ်ပြနိုင်ခဲ့သလဲ၊ ကန်တေဟာ ဘယ်လိုကစားသမားလဲဆိုတာတွေကို ထည့်တွက်မယ်ဆိုရင်တော့ အဆင့်ရှိတဲ့ လူစာရင်းတစ်ခုပါပဲ။ အဲဒီတုန်းကတော့ ဒီလို ကျွန်တော် အပါအဝင် ဘယ်သူမှ တွေးမိခဲ့မှာမဟုတ်ပါဘူး။
မတွေးမိတဲ့အထဲမှာ နည်းပြ ရာနီရေရီလည်း သေချာပေါက် ပါမှာပါ။ ဒီရာသီ ပရီးမီးယားလိဂ်ကို ငါတို့ ရမယ်လို့ သူလည်း ဘယ်လိုမှ တွေးထားစရာမရှိပါဘူး။ ဒါတွေ အားလုံးအစက ဗာဒီရဲ့ ခြေစွမ်းပြ ဂိုး တွေဆက်တိုက်သွင်းနေပြီး ရာသီအဖွင့်မှာတင် နိုင်ပွဲတွေ တောက်လျှောက်ရနေခဲ့တာကနေ စခဲ့တာပါ။ ဒါတောင် ပရိသတ်တွေက ဒီလို အသင်းတွေ ရာသီအစမှာ ထမြူးပြတာမျိုး မြင်နေကျဆိုတော့ အချိန်တန်ရင် ပြန်ကျသွားလိမ့်မယ်လို့ပဲ တွေးထားခဲ့ကြတာပေါ့။ ရာနီရေရီကိုယ်တိုင်လည်း သူ့အသင်းကို ရနိုင်တဲ့အမှတ်တွေ ရနိုင်သလောက်ယူပြီး အဆင့်မြင့်မြင့်မှာ ပြီးဆုံးဖို့လောက်အထိပဲ ရာသီ ဝက်လောက်အထိ တွေးထားခဲ့ဦးမှာပါ။
နောက်ထပ် တစ်ချက်ကတော့ ပယ်လီဂရီနီရဲ့မန်စီးတီး ခြေပျက်နေသလို ဗန်ဟားနဲ့ ယူနိုက်တက်က လည်း လူတွေများပြီး ပွဲမစည်၊ ချယ်လ်ဆီးဆိုတာကလည်း မော်ရင်ညို ဒုတိယအကြိမ် ပြန်ကိုင်ပြီး အလုပ်မဖြစ်တာနဲ့ ဒီဇင်ဘာတင်လမ်းခွဲပြီး ဟစ်ဒင့်လာကိုင်ပေမဲ့ အဆင်မပြေတာကြောင့် အဆင့် ၁၀ မှာ ရာသီသိမ်းလိုက်ရတဲ့ ရာသီမျိုးပါ။ အဲဒီတုန်းက အတက်ပြနေတာ ဟယ်ရီကိန်းရဲ့ ဂိုးတွေနဲ့ အစုအ ဖွဲ့ကောင်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့ စပါးရယ်၊ ရလဒ်တွေ တက်လိုက်ကျလိုက်ဖြစ်နေတဲ့ အာဆင်နယ် ရယ်တို့ပါပဲ။ ဆိုတော့ ရာနီရေရီဟာ ရာသီဝက်ကျော်လာတဲ့အချိန်လောက်မှာ အခွင့်အရေးကို မြင် လာခဲ့ပြီး ကျန်အသင်းကြီးတွေ ကျနေတုန်းမှာ အကောင်းဆုံး အခွင့်အရေး ယူပြသွားခဲ့တာဖြစ်ပါ တယ်။ ဒါမျိုးကို နောက်ဆုံးလုပ်ပြခဲ့တာက ၁၉၉၄-၉၅ ခုနှစ်တုန်း ကန်နီ ဒဲကလစ်ရှ် လက်အောက်မှာ ကစား ခဲ့တဲ့ ဘလက်ဘန်းအသင်းပဲရှိခဲ့ပါတယ်။ အလန်ရှီးယားတို့၊ တင်ရှားဝုဒ်တို့၊ ဂရေမီ လီဆောက်တို့၊ ခရစ် ဆက်တန်တို့ အုပ်စုဆိုပါတော့။ မှတ်မှတ်ရရ အခု ယူနိုက်တက်မှာ နည်းစနစ်ဒါရိုက်တာ လုပ် နေတဲ့ ဂျေဆင် ဝီးလ်ကော့လည်း ပါပါတယ်။
ရာနီရေရီဟာ နာမည်ကျော် ထိပ်တန်းနည်းပြစာရင်းမှာ အသိအမှတ်ပြုထည့်သွင်းဖော်ပြတာမျိုး သိပ် ခံရလေ့မရှိပေမဲ့ အတွေ့အကြုံကတော့ တကယ်ကို ရင့်ပါတယ်။ သူ ကိုင်ခဲ့ဖူးတဲ့အသင်းတွေကိုချည်း ပဲချရေးရင် ဘောလုံးအသင်းတစ်သင်းက ကစားသမားစာရင်းထက်တောင် ရှည်လျားပါလိမ့်ဦးမယ်။ တကယ့်ကို ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူး၊ ထင်ခွေတာလည်း ကြုံဖူး၊ ရေခပ် တာလည်း ကြုံဖူးတဲ့ ဝါရင့်နည်းပြ ဒေါင်ဒေါင်မြည်တစ်ယောက်ပါပဲ။ ရိုးမားမှာ ကစားသမားဘဝစပြီး နောက်တန်းကစားသမားဖြစ်ခဲ့ပါတယ်။ နောက်တော့ ကာတန်ဇာနို တို့၊ ကာတာနီးယားတို့၊ ပါလာမိုတို့မှာ ကစားခဲ့ပြီး ဘောလုံးသမားဘဝကနေအနားယူ ဗီဂါ လာမီဇီ ယာဆိုတဲ့ အီတလီကလပ်အငယ်တစ်ခုမှာ နည်းပြဘဝစတင်ခဲ့ပြီး ပေါ်တူအိုလာနာ၊ ကက္ကရီယာရီ၊ နာ ပိုလီ၊ ဖီအိုရင်တီးနား၊ ဗလင်စီယာ၊ အက်သလက်တီကို မက်ဒရစ်၊ ချယ်လ်ဆီး၊ ပါးမား၊ ဂျူဗင်တပ်စ်၊ ရိုးမား၊ အင်တာမီလန်၊ မိုနာကို၊ ဂရိလက်ရွေးစင်အသင်းတို့အထိ ကိုင်ခဲ့ပြီးမှ လက်စတာကို ရောက် လာခဲ့တာပါ။ အဲဒီအတွင်းမှာ ဗလင်စီယာကို ၂ ခေါက်တောင် ပြန်ကိုင်ခဲ့ပါသေးတယ်။
ဒီအတွေ့အကြုံတွေနဲ့ လက်စတာကို ရလာတဲ့အခွင့်အရေးထဲက ပိုင်ဆိုင်ထားတဲ့ ကစားသမား အင် အားစုနဲ့ အကောင်းဆုံးလုပ်ပြ ကမ္ဘာတစ်လုံးကို အံ့အားသင့်စေခဲ့ပြီး ၂၀၁၇ မှာတော့ အသင်းကနေ ထွက်ခွါ နန့်တက်စ်၊ ဖူလ်ဟမ်၊ ရိုးမား၊ ဆမ်ဒိုးရီးယား၊ ဝက်ဖို့ဒ်၊ ကက္ကရီယာရီတို့ကို ကိုင်ခဲ့ပြီး အခု တတိယအကြိမ်မြောက် ရိုးမားကို နည်းပြနေပါတယ်။ အသက် ၇၃ အထိ ဒီအီတလီသားကြီးမနား သေးပါဘူး။ သူ လက်စတာနဲ့ လုပ်ပြခဲ့တာကလည်း ပရီးမီးယားလိဂ်မှတ်တမ်းမှာ ကဗျည်းထိုး ကျန် နေရစ်ဦးမှာပါ။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"