𝐁𝐚𝐥𝐥𝐨𝐧 𝐝'𝐎𝐫 နောက်တစ်နည်း ရွှေဘောလုံးဆိုတာဟာ ကမ္ဘာပေါ်မှာ လက်ရှိအထိတော့ ဘောလုံးသ မားတွေအတွက် အမြင့်မားဆုံး တစ်ဦးချင်းဆုတံဆိပ်ပါပဲ။ 𝐝'𝐎𝐫 ဒီအော ဆိုတာက ပြင်သစ်မှာတော့ ရွှေနဲ့လုပ်ထားတာကို ဆိုလိုတာပါ။ ဆိုတော့ ဘောလွန်းဒီအော ဆိုတာ ရွှေဘောလုံး၊ ရွှေဘောလုံး ဆိုတာ ဘောလွန်းဒီအောပါပဲ။ အရင်တုန်းကတော့ ဖီဖာက သပ်သပ်တစ်ခု၊ ပြင်သစ်ဂျာနယ်လစ်တွေ က သပ်သပ်တစ်ခုပေးပါတယ်။ အခုတော့ ပေါင်းပေးပါတယ်။
ဒီနှစ်ရဲ့ ဆုရှင်ကတော့ မန်စီးတီးနဲ့ စပိန်ရဲ့ ကွင်းလယ်ကစားသမား ရိုဒရီပါ။ သူနဲ့ ထိုက်တန်၏ မ ထိုက်တန်၏ ဆိုတာတွေကလည်း နောက်ဆက်တွဲတွေ ထွက်လာခဲ့သေးတာပေါ့။ အထူးသဖြင့် ပွဲ ကျင်းပမယ့်အချိန်နားလောက်မှာ ဗီနီးရှပ် ဂျူနီယာ မရတော့လို့ ရီးရဲလ်က မလာတော့ဘူးဆိုတဲ့ ဒရာ မာတွေကြောင့် ပိုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ အမှန်တော့ ဟိုးအစောပိုင်း ဗီနီးရှပ်က ဒီဆုကို ရသွားပြီ ဆိုပြီး သတင်းတွေ စပေါက်လာကတည်းကတော့ နည်းနည်း သံသယရှိဖို့ကောင်းတာပါ။ ဘာကြောင့် ဒီလောက် မြင့်မားတဲ့ ဆုကြီးနဲ့ အခမ်းအနားကြီးက ပေါက်ကြားရတာလဲ၊ ပြီးတော့ အနားရောက် တော့ရော ဗီနီးရှပ်မဟုတ်တော့ပြန်ဘူးလို့ ဘာလို့ ထပ်ပေါက်ကြားတာလဲ၊ ပွဲကို လူပိုစိတ်ဝင်စား အောင် 𝐌𝐞𝐝𝐢𝐚-𝐩𝐥𝐚𝐲 လုပ်သွားခဲ့တာလား။ ဒါတွေက သို့လောသို့လောတွေပါ။
ဘယ်လိုပဲဖြစ်ဖြစ် ရိုဒရီက ရသွားခဲ့ပါပြီ။ ထိုက်လည်း ထိုက်တန်ပါတယ်။ သူ့ အောင်မြင်မှုတွေနဲ့ အဲဒီ အောင်မြင်မှုတွေထဲမှာ ပါဝင်ရတဲ့ သူ့အခန်းကဏ္ဍ၊ သူ့အရေးပါမှုတွေက ငြင်းလို့မှမရနိုင်ဘဲ။ ဒီလိုပဲ ဗီနီးရှပ်စ် ရသွားခဲ့မယ်ဆိုရင်လည်း ထိုက်တန်တယ်လို့ပဲ ပြောရမှာပါ။ သူကလည်း ရသင့်တဲ့ ပမာဏ အောင်မြင်မှုကို ယူပြထားပြီး တကယ်ကောင်းတဲ့ခြေစွမ်းမျိုးကို ပြထားခဲ့တာပါ။ သူ့ရဲ့ အပြုအမူတွေနဲ့ ပြဿနာတွေကြောင့် မပေးတာလား၊ နိုင်ငံအသင်းနဲ့ အောင်မြင်မှုကို ပိုအလေးပေးတာလား၊ ဒါတွေ ကို စဉ်းစားမယ်ဆိုရင်တော့ သံသရာရှည်ချင်စရာပါ။ အခုတော့ ရိုဒရီအကြောင်းလေးပဲ သွားလိုက်ကြ ရအောင်။
မန်စီးတီး ချန်ပီယံလိဂ်ရခဲ့တဲ့ နှစ်က ရိုဒရီရမယ်ဆိုရင် ပိုပြည့်စုံမှာပါ။ ဒါပေမဲ့ အဲဒီနှစ်မှာ မက်ဆီမ ဟုတ်ဘူးဆိုရင် ဟာလန်းနဲ့ ရိုဒရီနဲ့ အပြိုင်ငြင်းရနိုင်ပါသေးတယ်။ ဖိုင်နယ်မှာ ရိုဒရီရဲ့ သွင်းဂိုးနဲ့ နိုင် ပြီး ဖလားဆွတ်ခူးခဲ့တာဖြစ်သလို တစ်ရာသီလုံး အသင်းကို ထိန်းကျောင်းခဲ့တာ သူပဲ ဆိုပေမဲ့ ဟာ လန်းရဲ့ အဲဒီနှစ်က ဂိုးသွင်းနှုန်းကြီးကလည်း လန့်ချင်စရာပါ။ သို့သော် မက်ဆီကို ပေးလိုက်တော့ ဒီ ကိစ္စက အငြင်းပွားဖို့မဖြစ်လာခဲ့ပါဘူး။ ဒီနှစ် ဆုကို စဉ်းစားတဲ့အခါ မနှစ်က အောင်မြင်မှုတွေနဲ့ အဲဒီ ခြေစွမ်းကို ဒီနှစ်အထိ ဆက်ပြီး သယ်လာနိုင်တာကိုပါ ထည့်ပြီး တွက်ချက်ခဲ့ပုံရပါတယ်။ တကယ် လည်း ရိုဒရီရဲ့ ခြေစွမ်းက တည်ငြိမ်တာကိုး။
တကယ်တော့ နောက်ပိုင်း ဘောလုံးပွဲကို ပိုပြီး အသေးစိတ်ကြည့်နိုင်ဖို့၊ ချဉ်းကပ်နိုင်ဖို့ အခွင့်ပို သာလာတဲ့ ဒီဖက်ခေတ်တွေကျမှ ကွင်းလယ်ကစားသမားတွေက အသိအမှတ်ပြုခံကြရတာပါ။ မဟုတ်ရင်လည်း ဂျရတ်လို အင်ဂျင်မျိုးဖြစ်မှ၊ ပေါက်ကွဲပြနိုင်မှ၊ မဟုတ်ရင်လည်း လမ်းပတ်လို ဂိုး တွေ တဒိုင်းဒိုင်းသွင်းနေနိုင်မှ လူသတိထားမိကြတာမဟုတ်လား။ ဒါတောင် ဒီကစားသမားနှစ် ယောက်ရဲ့ တကယ့်တန်ဖိုးကို မြင်အောင်ကြည့်နိုင်ခဲ့ကြတာမဟုတ်သေးပါဘူး။ ဘောလုံးမှာက တိုက်စစ်မှူးတွေနဲ့ တောင်ပံတွေ၊ ကွင်းလယ်တိုက်စစ်တွေကပဲ တစ်ဦးချင်းဆုတွေရ၊ လူအာရုံစိုက် မှုပိုခံရဖို့ နီးစပ်တာပါ။ ပီယာလို၊ အင်နေယက်စတာ၊ ဇာဗီ၊ ဘူးစကွက်၊ ရှနိုက်ဒါ၊ တိုနီ ခရူးစ် ဒီလို ကစားသမားတွေလက် ထဲမှာ ဘောလွန်းဒီအော တစ်လုံးမှမရှိတာကို ကြည့်ရင် သိသာပါတယ်။ နောက်ပိုင်းနှစ်တွေထဲမှာဆိုရင် ရှားရှားပါးပါး မိုဒရစ်လောက်ပဲရခဲ့တာပါ။
ဒီလို အနေအထားမှာ ရိုဒရီ ရသွားတာက တကယ့်ကို ကောင်းတဲ့ကိစ္စပါပဲ။ သူ့နေရာဟာ တကယ် တော့ ပညာသားပါပြီး ဝါရင့်သမ္ဘာရင့် ဘောလုံးအမြင်နဲ့ ပွဲဖတ်နိုင်စွမ်းအတော်ကောင်းမှ ကစားနိုင် မယ့်နေရာမျိုးပါ။ အဲဒီလိုနေရာမျိုးမှာ ထိပ်တန်းအဆင့် ကစားပြနိုင်တဲ့ ကစားသမားဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ရိုဒရီလည်း ရာယို မာယာဒါဟွန်ဒါ အသင်း အကယ်ဒမီ၊ အက်သလက်တီကို အကယ် ဒမီ၊ ဗီလာရီးရဲလ် အကယ်ဒမီတွေမှာ လေ့လာရင်း ဗီလာရီးရဲလ်၊ အက်သလက်တီကိုတို့နဲ့အတူ ဖြတ် သန်းရင်း မန်စီးတီး-ဂွါဒီယိုလာ လက်အောက်မှာမှ သူ့အကောင်းဆုံးပုံစံကို ပြသလာနိုင်တာပါ။ အ တွေ့အကြုံတော်တော်လိုပါတယ်။
သူ့ခြေစွမ်းက တည်ငြိမ်မငြိမ်နဲ့ သူဟာ မန်စီးတီးနဲ့ ဂွါဒီယိုလာရဲ့ စနစ်အကာအကွယ်ကြောင့် တောက် ပနေတာ ဟုတ်မဟုတ်ကို သူ စပိန်နဲ့ ပြသခဲ့တဲ့ ခြေစွမ်းတွေမှာလည်း တွေ့မြင်လို့ရပါတယ်။ စပိန်နဲ့ ယူရိုရယူခဲ့တဲ့ ဖိုင်နယ်ညက ပွဲတစ်ဝက်ပဲ ကစားလိုက်ရတာတော့ ရှိတာပေါ့။ ဒါပေမဲ့ ပွဲစဉ်တလျှောက် လုံး သူ့ထိန်းကျောင်းမှုတွေက အခရာပါ။ တစ်ချို့ကစားသမားတွေက စနစ်အကာအကွယ်ကြောင့် တောက်ပနေပေမဲ့ တခြားကိုရောက်ရင် ခြေပျောက်သွားတတ်ကြပါတယ်။ ရိုဒရီကတော့ ဆက်ပြီး ထိန်းထားနိုင်ဆဲပါ။ ရှေ့တစ်နှစ်က ခြေစွမ်းကို နောက်တစ်နှစ်ကိုလည်း သယ်ယူလာနိုင်တုန်းပါပဲ။
အခု မန်စီးတီးရလဒ်တွေ ကျဆင်းနေတာကို ကြည့်ရင် သိသာပါတယ်။ ရလဒ်တွေက အခုနောက်ပိုင်း မှာ ဆက်တိုက်ကျဆင်းလာတာဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ မန်စီးတီးဟာ ဒီရာသီအဖွင့်ပိုင်း လောက်တွေကတည်းက ပုံမှန်ခြေအောက်ရောက်နေပါတယ်။ ရိုဒရီ ကာလရှည် နားနေရတာတစ်ခု တည်းကြောင့်ချည်းလို့တော့ မပြောလိုပါဘူး။ အဓိကကတော့ နိုင်ငံပွဲတွေရော၊ ကလပ်ပွဲတွေရော ဆက်လာပြီး အနားရချိန်တွေနည်းလာနေတာနဲ့ အောင်မြင်မှု အကြီးအကျယ်ရထားတဲ့အသင်းဖြစ် တော့ အီဆင်းလာနေတာလည်း ပါမှာပါ။ သို့သော် ရိုဒရီ မပါနိုင်တာကတော့ အဓိက တော်တော်ကျ ပါတယ်။
အသက် ၂၈ နှစ်ဆိုတော့ အကောင်းဆုံးအချိန်ပါ။ ဒီအချိန်မှာ 𝐀𝐂𝐋 လို့ခေါ်တဲ့ ကစားသမားတိုင်းရဲ့ အိပ်မက်ဆိုးကြီးနဲ့ ကြုံတွေ့ရတာ တော်တော်ဆိုးပါတယ်။ ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာမျိုးဆိုတာက လမ်းလျှောက်ဖို့တောင် မလွယ်ဘဲ တော်တော်လုပ်နိုင်မှ နာလန်ထူတဲ့ ဒဏ်ရာမျိုးပါ။ ပြင်းထန်တာ မျိုးကြောင့်မဟုတ်ဘဲ သိမ်မွှေ့ပြီး အထိအခိုက်မခံနိုင်၊ အမှားမခံနိုင်တဲ့ ဒဏ်ရာမျိုးဆိုပါတော့။
အသက် ၂၈ ဆိုတော့ အရွတ်တွေ ပြန်ဖွံ့ဖြိုးဖို့ဟာ အသက် ၂၃ အောက်ကလောက်တော့ မလွယ်ပါ ဘူး။ သူ့အတွက် အချိန်ယူရမှာဖြစ်ပြီး ဒဏ်ရာကနေ ပြန်သက်သာလာရင်တောင် လောလို့မရပါဘူး။ ပြန်လည်ထူထောင်ရေးအချိန်ပေးရမှာပါ။ ဘောလုံးနဲ့အတူ လေ့ကျင့်နိုင်ဖို့လည်း ကြာနိုင်ပြီး အသင်း နဲ့ အမြင့်ဆုံးအဆင့်မှာ ဒင်ပြည့်ကျပ်ပြည့် ပြိုင်ပွဲဝင်နိုင်ဖို့ဆိုရင် စိတ်ရှည်ရှည်နဲ့ ဂရုတော်တော်စိုက်နိုင် ဖို့လိုပါတယ်။ ဒါကို ဂွါဒီယိုလာ အသိဆုံးနေမှာပါ။
ဆိုတော့ လာမယ့် ဆောင်းမှာ သူ့နေရာအတွက် အစားထိုးလည်း ရှာနိုင်သလို ကစားကွက်ကိုလည်း ပြင်ဆင်လာနိုင်ပါတယ်။ လက်ရှိမန်စီးတီးက ဂွမ်ဒိုဟန်၊ ဒီဘရိုင်း၊ ကိုင်းလ်ဝေါ့ကာ၊ ဘာနာဒိုဆေးဗား တို့ကလည်း အရွယ်ရလာနေပြီဆိုတော့ ပြန်လည်တည်ဆောက်ဖို့ ခေါင်းလောင်းထိုးသံပါပဲ။ ဒီ ရိုဒရီရဲ့ 𝐀𝐂𝐋 ဒဏ်ရာဟာ ကစားသမားအတွက်လည်း စိန်ခေါ်မှုကြီးတစ်ခုဖြစ်သလို ဂွါဒီယိုလာအ တွက်လည်း အချက်ပြသံတစ်ခုပါပဲ။
𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"