အားကစားသတင်းများ

ချဲယ်လ်ဆီးရဲ့ထာဝရအကောင်းဆုံး နောက်ခံလူတစ်ယောက် - ဂျွန်တယ်ရီ

blog image

November 12, 2024

ဂျွန်တယ်ရီ။
ဒီနာမည်ဟာ အင်္ဂလန်ပရိသတ်တွေရော၊ ဘောလုံးပွဲတွေကို သဘောကျကြတဲ့ ကမ္ဘာအနှံ့က ပရိသတ် တွေရော၊ ကစားသမားတွေရော၊ ပြိုင်ဖက်ဖြစ်နေပါစေ လေးစားသဘောကျကြတဲ့ နာမည်တစ်ခုပါပဲ။
ဂျွန်တယ်ရီ။
ဒီနာမည်ဟာ လန်ဒန်မြို့ခံအသင်းတစ်သင်းဖြစ်တဲ့ ချဲယ်လ်ဆီးရဲ့ ပရိသတ်တွေအတွက်တော့ သူ့ကို မီ လိုက်သူတွေက တသသ၊ မမီလိုက်တဲ့သူတွေကလည်း တခုတ်တရ ပြန်ရှာကြည့်၊ ပြန်ဖတ်ကြည့်ရင်း ပြန်သတိရနေကြရမယ့် နာမည်တစ်ခုပါ။
ဂျွန်တယ်ရီတဲ့။
၁၉၈၀ မှာ မွေးပါတယ်။ လန်ဒန်အရှေ့ပိုင်း မြစ်ဘေးက မြို့လေးတစ်မြို့ဖြစ်တဲ့ ဘာ့ကင်းမှာ မွေးတာ ဆိုတော့ လန်ဒန်သားစစ်စစ်ပါ။ချဲယ်လ်ဆီးနဲ့ ဘာ့ကင်းက ၁၁ မိုင်ပဲ ဝေးပါတယ်။ ဂျွန်တယ်ရီက အဲဒီ လောက်ကို ချဲယ်လ်ဆီးနဲ့ နီးနီးစပ်စပ်မှာ မွေးဖွားလာခဲ့တာပါ။ ဒါပေမဲ့ ချက်ချင်းတော့ ချဲယ်လ်ဆီးကို ရောက်လာခဲ့တာ မဟုတ်ဘူးပေါ့။ အဲဒီထက် ပိုနီးတဲ့အရပ်က အသင်းတစ်သင်းဆီကို အကယ်ဒမီက စားသမားအဖြစ် အရင်ရောက်ခဲ့တာလို့ပြောနိုင်ပါတယ်။ ဝက်စ်ဟမ်းပါ။ ဘာ့ကင်းနဲ့ ဝက်စ်ဟမ်းက လမ်းလျှောက်သွားမှ ၃ မိုင်ကျော်ပဲဝေးပါတယ်။ ဝက်စ်ဟမ်း မရောက်ခင် အိစ်ဟမ်း နဲ့ဆိုရင် ၁ မိုင် သာသာလေးပဲ ဝေးတာပါ။ အနောက်ဖက် ဟမ်း နဲ့ အရှေ့ဖက် ဟမ်း ဆိုပါတော့။ ဟမ်းဆိုတာက ရှေး အင်္ဂလိပ်စကားအရ မြစ်နှစ်ခု ကြား ဒါမှမဟုတ် နွံမြေအလယ်က ခြောက်သွေ့တဲ့ မြေနေရာလို့ ဆိုလို တာဖြစ်ပါတယ်။
တယ်ရီက ကျောင်းကို အိစ်ဘူရီ ကွန်ပရီဟန်းစစ်ကျောင်းမှာ တက်ခဲ့ပြီး ဒေသခံ တနင်္ဂနွေလိဂ်ကလပ် အသင်းတစ်ခုဖြစ်တဲ့ ဆန်းရပ်မှာ ကစားခဲ့ပါတယ်။ ဆန်းရပ်ဆိုတာ နယ်နယ်ရရအသင်းတစ်သင်း တော့မဟုတ်ပါဘူး။ သူ့ဆီကနေ ပရိုကစားသမားတွေ မကြာခဏထွက်ပါတယ်။ တယ်ရီအပါအဝင် ဆိုရင် နာမည်ကျော်တွေအဖြစ် ဆိုးလ် ကမ်းဘဲ၊ လီ ဘောင်ယာ၊ ဂျာမိန်း ဒီဖိုး၊ လက်ဒလေ ကင်း၊ ဘော်ဘီ ဇာမိုရာ တို့လို ကစားသမားမျိုးတွေ ဒီကနေ ထွက်ခဲ့ပါတယ်။ ဒီနာမည်တွေကို မရင်းနှီးတဲ့ သူတွေဆိုရင်တော့ မသိပေမဲ့ EPL ဝါရင့်ပရိသတ်တွေဆိုရင်တော့ သူတို့နဲ့ မစိမ်းပါဘူး။
၁၉၉၁ ခုနှစ် သူ့အသက် ၁၁ နှစ်မှာ တယ်ရီက ဝက်စ်ဟမ်း ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီဆီကို ရောက်ပါတယ်။ အဲဒီတုန်းက ကွင်းလယ်ကစားသမားအဖြစ် စတင်ခဲ့တာပါ။ ၃ မိုင်လောက်အကွာမှာ ပဲရှိတဲ့ နာမည်ကျော် အသင်းတစ်သင်းဆိုတော့ ဒီကို အရင်ရောက်တာမဆန်းပါဘူး။ အသက် ၁၄ နှစ် ကျမှပဲ သူ ချယ်လ်ဆီးအကယ်ဒမီကို ရောက်ပါတယ်။ တယ်ရီက ၁၉၉၁ မှာ ဝက်ဟမ်းကို ရောက်တာ ဖြစ်ပြီး ၁၉၉၂ မှာ ဝက်စ်ဟမ်း အကယ်ဒမီကို ရောက်လာသူကတော့ ရီယို ဖာဒီနန်ပါ။ ၁၉၉၄ မှာ ဝက်စ်ဟမ်း အကယ်ဒမီကို ဖရန့် လမ်းပတ်ရောက်လာပါတယ်။ ၁၉၉၀ ကတည်းက ဂျိုး ကိုးလ်က ဝက်စ်ဟမ်းမှာ ရောက်နေတာပါ။ အဲဒီကာလက ဝက်စ်ဟမ်း အကယ်ဒမီမှာ တကယ့်ကစားသမား တွေချည်း စုနေတဲ့ သဘောပေါ့။
၁၉၉၅ မှာ တယ်ရီ ချယ်လ်ဆီးအကယ်ဒမီရောက်ပြီး ၁၉၉၈ မှာ စတင်ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ အက်စ်တွန်ဗီလာနဲ့ လိဂ်ဖလားပွဲ ပွဲပြီးခါနီးမှာ လူစားဝင်လာပြီး သူ့ ကစားသမားဘဝကို စတင်ခဲ့တာ ပါ။ ပွဲထွက်ကစားသမားအဖြစ် စပြီး ပါဝင်ခဲ့ရတာကတော့ အက်ဖ်အေဖလား တတိယအဆင့်မှာ အိုးဟမ်းအသင်းနဲ့ ကစားရတဲ့ပွဲပါပဲ။ သူတို့ ၂-၀ နဲ့ နိုင်ခဲ့ကြပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ လူငယ် ကစားသမား တော်တော်များများလိုပဲ တယ်ရီလည်း အငှားချခံရပါတယ်။ နော်တင်ဟမ် ဖောရက်စ် ကိုပါ။
၂၀၀၀-၀၁ ရာသီမှာကျမှ သူ အသင်းမှာ တဖြည်းဖြည်း စပြီးနေရာရလာခဲ့တာဖြစ်ပြီး အဲဒီရာသီအ သင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါသေးတယ်။ ဒါတောင် ၂၀၀၁ စက်တင်ဘာ လောက်မှာ အမေရိကန် တိုးရစ်တွေကို အရက်မူးပြီး သွားကွိုင်ရှာလို့ သူရယ် လမ်းပတ်ရယ် ဂျွန် မောရစ်ရယ်၊ ဂက်ဂျွန်ဆင်ရယ်၊ ဖရန့် ဆင့်ကလဲရယ် လစာ ၂ ပတ်စာ ဒဏ်ရိုက်ခံလိုက်ရပါသေးတယ်။ ပူပူနွေးနွေး ၉/၁၁ ဖြစ်ရပ်ကို သွားဆွလို့ အမေရိကန်တွေနဲ့ ပြဿနာတက်ကြတာပါ။ ၂၀၀၂ လောက်မှာလည်း လန်ဒန်အနောက်ပိုင်း ကလပ်တစ်ခုမှာ ရန်ပွဲဖြစ်ခဲ့တာကြောင့် ပြစ်ဒဏ်ချခံခဲ့ ရသလို လက်ရွေးစင်အသင်းကလည်း ခဏတာ ပိတ်ပင်တာခံခဲ့ရပါသေးတယ်။ အဲဒီခေတ်က ကစား သမားတွေစတိုင် အပြည့် ဟော့ဟော့ရမ်းရမ်းပါပဲ။
နောက်တော့ ချဲယ်လ်ဆီးကို မော်ရင်ညို ရောက်လာခဲ့ပါတယ်။ သူ့ကို အသင်းခေါင်းဆောင်ရာထူးပေး ခဲ့ပြီး ဝက်စ်ဟမ်းက လေ့ကျင့်ဖော်တွေဖြစ်တဲ့ လမ်းပတ်၊ ဂျိုကိုးလ်တို့နဲ့ ပြန်ပေါင်းထုပ်ခဲ့ကြပါတယ်။ ဖာဒီနန်တစ်ယောက်ပဲ မန်ယူနိုက်တက်မှာပေါ့။ မော်ရင်ညိုနဲ့ အေဗရာမိုဗစ်တို့ရဲ့အောက်မှာ တောက် ပတဲ့အပြာရောင်တွေ ဖြစ်လာခဲ့ပါတယ်။ ဟိုဆေးရဲ့ ထောင့်မကျိုးတဲ့ အပြောအဆိုတွေနဲ့ မာကျော ကျစ်လစ်တဲ့ ချယ်လ်ဆီးကစားပုံက တကယ့်ကို လိုက်ဖက်ခဲ့ပြီး ပြိုင်ဖက်တွေ မျက်စိစပါးမွှေးစူးချင် စရာပါပဲ။ မန်ယူနိုက်တက်ကြီးစိုးနေတဲ့ EPL ကို စိန်ခေါ်ခဲ့ပါတယ်။ ချဲယ်လ်ဆီး ခေတ်သစ်စတင်ခဲ့တာ ပေါ့။
တယ်ရီက ကြမ်းသင့်ရင် ကြမ်းပါတယ်။ ကိုယ်ကာယအားကိုလည်း သုံးသလို၊ ပါးပါးနပ်နပ်လည်းရှိ ပါတယ်။ ရိတိယားတား လုပ်လို့ရတဲ့ နောက်ခံလူထဲမှာ မပါပါဘူး။ အသင်းကိုလည်း နောက်တန်းက နေ ထိန်းကျောင်းပြီး အော်ဟစ်ညွန်ကြား၊ လိုအပ်ရင် ဟောက်ဟမ်းပေါက်ကွဲပေးနိုင်တဲ့သူမျိုးပါ။ ပြိုင် ဖက်နဲ့ ရင်ဆိုင်ဖို့ ဒိုင်နဲ့ အငြင်းပွားဖို့ဆိုလည်း ထိပ်ဆုံးကပါပဲ။
ပုံမှန်အတိုင်းဆိုရင် သူ့ အမွေအနှစ်က တော်တော်ကို လှပပါတယ်။ ဒါပေမဲ့ ဝိန်းဘရစ်ရဲ့ ရည်းစားနဲ့ ဖောက်ပြန်လိုက်တာ၊ ၂၀၁၂ ဇူလိုင်လောက်က အန်တွန် ဖာဒီနန် (ရီယို ဖာဒီနန်ရဲ့ညီ) ကို လူမျိုးရေး ခွဲခြားတဲ့ စကားသွားပြောခဲ့တာကြောင့် အင်္ဂလန်အသင်းခေါင်းဆောင်ရာထူးဖြုတ်ချခံရသလို ၄ ပွဲ ပယ်ခံရပြီး ဒဏ်လည်း အကြီးအကျယ်ရိုက်ခံလိုက်ရတာတွေက သူ့ပုံရိပ်ကို ထိခိုက်စေခဲ့ပါတယ်။ သူ လည်း အန်တွန် ဖာဒီနန်နဲ့ ပြဿနာကာလအတွင်းမှာပဲ အင်္ဂလန် လက်ရွေးစင်ဘဝကနေ အနားယူ သွားခဲ့ပါတယ်။ ပြီးတော့ တောင်းလည်း ပြန်တောင်းပန်ခဲ့ပါသေးတယ်။၂၀၀၈ လုခ်ကီနီည ချန်ပီယံ လိဂ်ဖိုင်နယ်မှာ ပင်နယ်တီ တိုင်ထိအောင် ကန်ခဲ့တာကတောင် ဒီလောက် အထိ သူ့ပုံရိပ်ကို မဆိုးစေခဲ့ပါဘူး။
ပရီးမီးယားလိဂ် ၅ ကြိမ်၊ အက်ဖ်အေဖလား ၅ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်၊ ၂၀၁၁-၁၂ ချန်ပီယံလိဂ်ဖ လား တစ်ကြိမ်၊ ၂၀၁၂-၁၃ ယူရိုပါလိဂ်ဖလားတစ်ကြိမ်ဆိုတဲ့ မှတ်တမ်းကတော့ သူ့ ကစားသမား ဘဝကို ပြန်အရောင်တင်ပေးနိုင်ဆဲပါ။ အင်္ဂလန်နဲ့ကတော့ သူတို့မျိုးဆက်ကနေ အခုမျိုးဆက်အထိ အောင်မြင်မှုရဖို့ ရုန်းကန်နေရတုန်းပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ပရီးမီးယားလိဂ်သမိုင်းတလျှောက်အကောင်းဆုံးနောက်ခံလူတွေ စာရင်းလုပ်ရင် ဂျွန်တယ်ရီက ထိပ်ပိုင်းကနေ မှာနေဦးမှာပါပဲ။ #k9mmmedia

Related Sports News