အားကစားသတင်းများ

ဆော်ဒီလိဂ်ရောက် ကစားသမား များ ရဲ့ လစာများ

blog image

October 5, 2024

ဆော်ဒီပရိုလိဂ်ကို ကျွန်တော်တို့တွေစသိတာ၊ စပြီးစောင့်ကြည့်ဖြစ်ကြတာက ဘောလုံးလောကရဲ့ ဂုတ်ကြီး တစ်ဦးဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုကြောင့်ဆိုတာ သေချာပါတယ်။ 2023 ၊ ဇွန်နဝါရီ 1 ရက်နေ့ ရော်နယ်ဒို ဆော်ဒီလိဂ်ကိုအပြီးသတ်ရောက်ရှိတဲ့နေဟာ ဘောလုံးကမ္ဘာကိုလုံးဝရှော့ရသွားစေပြီး ဆော်ဒီလိဂ်ရဲ့ ငွေသုံး ကြမ်းမှုတွေကိုစပြီးမြင်တွေ့ခဲ့တဲ့နေ့ဖြစ်ပါတယ်။ ရော်နယ်ဒို လိုစူပါစတားတစ်ဦးကို အာရှကလပ်အသင်း တစ်သင်းအနေနဲ့ ခေါ်ယူနိုင်ဖို့ဆိုတာအိမ်မက်လို့ပဲရတဲ့အရာဖြစ်ပြီး ဒါတွေကိုဆော်ဒီက ငွေကြေးအလုံးအရင်းနဲ့ ရအောင်လုပ်ယူနိုင်ခဲ့တာပါ ။ အဲ့ဒီနောက်ပိုင်း ဆော်ဒီလိဂ်ဟာလည်း ကမ္ဘာပေါ်မှာမသိတဲ့သူမရှိလောက် အောင်ကိုကျော်ကြားလာပြီး ဥရောပကလပ်ရဲ့ ကစားသမားတွေလည်း ဆော်ဒီလိဂ်ရဲ့တိုးတက်လာပုံ ၊ လစာဝင်ငွေ တွေအပေါ်မှာ တက်မက်လာခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်ဆော်ဒီမှာ နေမာ၊ ဘန်ဇီမာ၊ မာနေးတို့လို့ ဥရောပရဲ့ကြယ်ပွင့်တွေအပါအဝင် လူငယ်ကြယ်ပွင့်ကစားသမားတွေလည်း ကစားနေပြီး ဆော်ဒီကလပ်တွေကပေးတဲ့ ရှယ်လစာတွေနဲ့ထောနေကြပြီဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ်ရဲ့ တစ်ပတ်လုပ်ခလစာအများဆုံး 10 ဦး 📈
💵 💵 💵 💵 💵 💵
10. မီလင်ကိုဆာဗစ် - £409.500 ( အယ်လ်ဟီလယ် )
ထိပ်သီးအသင်းတွေစောင့်ကြည့်နေတဲ့ကြားက မထင်မှတ်ထားပဲ အကောင်းဆုံးအသက်အရွယ်နဲ့ အကောင်းဆုံးအချိန်မှာဆော်ဒီကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာအကောင်းဆုံးခြေစွမ်းတွေ ပြသနေပြီး သွင်းဂိုးတွေ၊ ဖန်တီးမှုတွေနဲ့ အယ်လ်ဟီလယ်ကိုဆုဖာလားတွေရရှိအောင် စွမ်းဆောင် ပေးထားပါတယ်။
9. မီထရိုဗစ် - £409.500 ( အယ်လ်ဟီလယ် )
မီထရိုဗစ် အတွက် ကတော့ ဆော်ဒီလိဂ်ကတကယ့်ကိုအခွင့်အရေးပါ၊ သူ့နေနဲ့ အကောင်းဆုံးခြေစွမ်း တွေရှိပေမဲ့ဉရောပမှာဆို သူ့ကိုဒီလိုလစာပေးချေမဲ့အသင်းရှိမှာမဟုတ်ပါဘူး၊ သူကိုယ်တိုင်လည်းဆော်ဒီလိဂ်မှာ ခြေစွမ်းပိုပြနိုင်တာတွေ့ရပါတယ်။ နောက်ပြီး ကစားသမားကောင်းတွေနဲ့လည်း တွဲကစားခွင့်ရတော့ မီထရိုဗစ်အတွက်က အတိုင်းထက်အလွန်ပါပဲ။
8. ကန်တေ - £409.500 ( အယ်လ်ဟီလယ် )
ပြင်သစ်ဘောလုံးကလပ်ပိုင်ရှင် ကြွက်ကလေးကတော့ ဆော်ဒီလိဂ်ကိုရောက်နေတာတောင် ဥရောပရဲ့အသင်းတွေကစောင့်ကြည့်နေတုန်းပါ။ သူ့အနေနဲ့ဒဏ်ရာပြဿနာတွေနဲ့လုံးပန်းပြီးနောက် ချယ်လ်ဆီးရဲ့စာချုပ်သစ်ကိုပယ်ချကာ ဆော်ဒီလိဂ်ကို မြင့်မားတဲ့လစာငွေနဲ့ရောက်ရှိလာတာဖြစ်ပါတယ်။
7. ကူလီဘလီ - £568.400 ( အယ်လ်ဟီလယ် )
ချယ်လ်ဆီးတို့ အားကိုးတကြီးနဲ့ခေါ်ယူထားတဲ့ နောက်ခံလူက စတန်းဖို့ဘရက်မှာ ရုန်းကန်ခဲ့ပြီးနောက် ဆော်ဒီဆီရောက်ရှိလာတာဖြစ်ပါတယ်။ ဆော်ဒီမှာလည်း ချယ်လ်ဆီးအသင်းဖော်ဟောင်းတွေနဲ့ အတူးတွဲကစားနေပြီး ဥရောပမှာရတဲ့လစာပမာဏထက် 2 ဆဝင်ငွေရရှိနေတာဖြစ်ပါတယ်။
6. မာနေး - £655.200 ( အယ်လ်နာဆာ )
ပရဟိတသမားကြီးကတော့ သူရရှိနေတဲ့ငွေကြေးတွေကနေ လှူးဒါန်းမှုတွေဆက်တိုက်ပြုလုပ်နေပြီး ဒီလိုပြုလုပ်ချင်တဲ့အတွက်ပဲ ဆော်ဒီရဲ့လစာဝင်ငွေကိုမက်ပြီးရောက်ရှိလာတာဖြစ်ပါတယ်။ “ ကျွန်တော့ဝင်ငွေရှိမှ ကျွန်တော့ရွာလေးအဆင်ပြေမှာဆိုတဲ့ “မာနေးရဲ့စကားကတော့အရမ်းတန်ဖိုးရှိပြီး ဒီလိုဝင်ငွေမျိုးနဲ့ထိုက်တန်မှု ရှိခဲ့ပါတယ်။ သူ့အနေနဲ့ အရင်ကလိုအကောင်းဆုံးပုံစံကောင်းတွေမပြသနိုင်တော့ပေမယ့် ရော်နယ်ဒိုနဲ့တွဲဖက်ပြီး အသင်းအတွက်အကောင်းဆုံးပေးဆပ်ထားတာတွေ့ရပါတယ်။
5. မာရက်ဇ် - £854.900 ( အယ်လ်အာလီ )
မန်စီးတီးရဲ့ချန်ပီယံလိဂ်ကစားခွင့်တွေ၊ ဆုဖလားအိမ်မက်တွေကို မေ့ထားပြီးမြင့်မားတဲ့ လစာငွေတွေကြောင့်ဆော်ဒီဆီရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မာရက်ဇ် အနေနဲ့ဒီစာရင်းမှာ အဆင့် 5 နေရာရောက်ရှိနေတာဆိုပေမဲ့ ဒီထက်ပိုတဲ့ပမာဏတွေရနေတယ်လို့လည်း သတင်းတွေကဆိုပါတယ်။ မန်စီတီးမှာ တစ်နှစ်လုပ်ခလစာ 8.3 သန်းသာရတဲ့မာရက်ဇ်အတွက်ကတော့ ဆော်ဒီဟာမက်လောက် စရာဖြစ်ခဲ့ပါတယ်။
4. အိုင်ဗန်တိုနေး - £1,000,000 ( အယ်လ်အာလီ )
ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန်တိုနေးကတော့ ထီပေါက်တယ်လို့တောင်ပြောရပါမယ်။ ဘရန့်ဖို့ဒ်မှာ တစ်ပတ်ပေါင် 2 သောင်းသာရနေတဲ့ ဘဝကနေ တစ်ပတ်ပေါင် 1 သန်းပြောင်းဆိုတဲ့ပမာဏပြောင်းလဲရရှိခဲ့တာကြောင့် ဆော်ဒီမြေဆီရောက်ရှိလာတာဖြစ်ပါတယ်။ ပုံမှန်သူ့လုပ်ခလစာကအခွန်ဆောင်ပြီး တစ်ပတ်ပေါင် 4 သိန်းဆိုပေမယ့် ဘောနပ်စ်တွေကြောင့် 1 သန်းထိရရှိတာဖြစ်ပါတယ်။
3. ဘန်ဇီမာ - £1,640,000 ( အယ်လ်အီတီဟက်ဒ် )
ဘန်ဇီမာကတော့ ဥရောပမှာရွှေဘောလုံးရယူပြီးနောက် အကောင်းဆုံးခြေစွမ်းတွေနဲ့ စွန်းစားခန်းဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပြီး မြင့်မားတဲ့ လစာတွေနဲ့ဆော်ဒီကို ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါပေမဲ့ ဘန်ဇီမာအတွက် ဆော်ဒီလိဂ်ကထင်သလောက်မလွယ်ကူခဲ့ပဲ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ သူ့အနေနဲ့ လှောင်ပြောင်ခြင်းတွေ၊ ကဲ့ရဲ့ခြင်းတွေခံနေရသော်လည်း လက်ရှိအချိန်ထိ အယ်လ်အီတီဟက်ဒ် အတွက် ပွဲပေါင်း 40 ကစားပြီး 23 ဂိုးသွင်း ၊ ဂိုးဖန်တီးမှု 10 ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
2. နေမာ - £1,640,000 ( အယ်လ်ဟီလယ် )
ဒုတိယနေရာက နေမာကတော့ ဘန်ဇီမာနဲ့လစာတူတူ များပြားတဲ့အကျိုးခံစားခွင့်တွေနဲ့ PSG ကနေ စံချိန်တင်ပြောင်းရွှေ့ကြေး 86 သန်းဖြင့်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရရှိခဲ့သော ACL ဒဏ်ရာကြောင့် အသင်းအတွက် 5 ပွဲသာပါဝင်ကစားရသေးပြီးလက်ရှိအချိန်မှာ ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဆော်ဒီဘက်ကတော့ဒါကိုမညည်းငြူပဲ နေမာကိုလစာအပြည့် ပေးထားပြီးအသက် 32 နှစ်အရွယ်နေမာအပေါ်ပုံအောထားတာဖြစ်ပါတယ်။
1. ခရစ်စတီယာနိုရော်နယ်ဒို- £3,280,000 ( အယ်လ်နာဆာ )
လုပ်ခလစာအများဆုံးနေရာမှာတော့ အထူးပြောစရာမလိုအောင်ကို ဆော်ဒီလိဂ်ရဲ့ပြရုပ် ရော်နယ်ဒိုက ဒုတိယနေရာက နေမာ၊ဘန်ဇီမာ ရဲ့ လစာထပ် 2 ဆပိုများတဲ့ပမာဏဖြင့်ရပ်တည်ထားပါတယ်။ ဒါဟာ ဆော်ဒီလိဂ် အပြင် ဘောလုံးသမားအားလုံးထဲမှာ အများဆုံးရရှိတဲ့လစာလည်းဖြစ်ပါတယ်။။ အသက် 39 နှစ်အရွယ် ရွှေဘောလုံး 5 လုံးပိုင်ရှင် ဥရောပရဲ့သွင်းဂိုးအများဆုံးရော်နယ်ဒိုက ဆော်ဒီလိဂ်ကို အလုံးစုံပြောင်းလဲ ပစ်ခဲ့ပြီး ဆော်ဒီပရိုလိဂ်ရဲ့ တန်းဖိုးဖြတ်မရသောကစားသမားလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့စာချုပ်သက်တမ်းက 2025 ဇွန်လထိ ဖြစ်ပြီး အယ်လ်နာဆာက ရော်နယ်ဒိုကိုစာချုပ်သစ်ထပ်ပြီးကမ်းလှမ်ဦးမယ် လို့လည်းသတင်းတွေထွက် ပေါ်နေပါတယ်။ တကယ်လို့စာချုပ်ဖြစ်ခဲ့ရင်တော့ ရော်နယ်ဒိုအနေနဲ့ လက်ရှိလစာထပ်ကို ပိုများတဲ့ပမာဏ ရရှိမှာဖြစ်ပြီး အသက် 40 ကျော်ထိဆော်ဒီမှာဆက်ကစားသွားရတော့မှာဖြစ်ပါတယ်။

Related Sports News