အားကစားသတင်းများ

အင်္ဂလန်သမိုင်းရဲ့နောက်ဆုံးရွှေဘောလုံးဆုပိုင်ရှင်ဖြစ်သူ ဂန္ထဝင်တိုက်စစ်မှူးကြီးမိုက်ကယ်အိုဝင်

blog image

November 16, 2024

ဘောလုံးသမားဟောင်း တယ်ရီအိုဝင်၏သား ဒီဇင်ဘာ 14 ၊ 1979 တွင်မွေးဖွားခဲ့သူ မိုက်ကယ်အိုဝင်သည် ချက်စတာ၊ ချက်ရှိုင်းယားတွင် မွေးဖွားပြီး သူ့ရဲ့ စီနီယာကစားသမားဘဝကို လီဗာပူးလ်မှာ စတင်ခဲ့ပါတယ်။ သူဟာ လီဗာပူးလ် လူငယ်အသင်း မှတစ်ဆင့် လျင်လျင်မြန်မြန် တိုးတက်လာခဲ့ပြီး 1997 ခုနှစ် မေလတွင် သူရဲ့ပရီးမီးယားလိဂ်အဖွင့်ဂိုးကိုသွင်းယူကာ ကလပ်ရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် 17နှစ်၊ 143 ရက်ဖြင့် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးရာသီအပြည့်မှာ 18 ဂိုးနဲ့အတူ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့သူပါ။ 1997 မှ 2004 ခုနှစ်အထိ လီဗာပူးလ်ရဲ့ထိပ်တန်းဂိုးသွင်း သူအဖြစ်မှတ်တမ်းတွေထပ်တင်ပြီး တံကောက်ကြော ဒဏ်ရာ ထပ်မံရရှိခဲ့သော်လည်း ခြေစွမ်းကောင်းများဖြင့်သက်သေပြဂိုးများသွင်းယူပေးခဲ့ပါတယ် ။ 2001 ခုနှစ်မှာ လီဗာပူးလ် ဟာ ယူအီးအက်ဖ်အေဖလား၊ အက်ဖ်အေဖလား ( ဖိုင်နယ်မှာ အိုဝင် ကနောက်ကျ ဂိုး 2 ဂိုးသွင်း ) နဲ့ လိဂ်ဖလား တို့ကိုဆွတ်ခူးခဲ့ပြီး အိုဝင် ဟာ ရွှေဘောလုံးဆု ကို လက်ခံရရှိခဲ့ပါတယ် ။ သူဟာ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ် 216 ပွဲမှာ 118 ဂိုး သွင်းယူခဲ့ပြီး စုစုပေါင်း 297 ပွဲမှာ 158 ဂိုးထိသွင်းယူခဲ့ပါတယ်။


နည်းပြ ဂျာရတ်ဟိုလီရာ လက်ထက် နောက်ဆုံးနှစ်ရာသီအောက်တွင် လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ချန်ပီယံပြိုင်ဘက်များနောက်သို့ရောက်ရှိသွားပြီးနောက် အိုဝင်ဟာ သူရဲ့စာချုပ်ကို သက်တမ်းမတိုးတော့ပဲ 2004 နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့ကြေးပေါင် 8 သန်းဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။ မက်ဒရစ်မှာ အိုဝင်အနေနဲ့ လူစားဝင်ကစားသမားအဖြစ်ပဲ ပွဲအများစုကစားခဲ့ရပြီး တစ်ရာသီကစားကာ 13 ဂိုး သွင်းယူခဲ့ပြီးနောက်၊ နောက်တစ်နှစ်မှာပဲ နယူးကာဆယ်ယူနိုက်တက်ကို ပေါင် 16.8 သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာကြားထဲမှာ ရီးရဲလ်မှ ပြန်လည်ခေါ်ယူရန် လီဗာပူးလ်ထံမှ ကမ်းလှမ်းမှုကိုလည်းပယ်ချခဲ့ပါတယ်။


2005-06 ရာသီတွင် အလားအလာကောင်းများစွာနဲ့ စတင်ခဲ့ပြီးနောက် ဒဏ်ရာပြဿနာများ ကြုံတွေခဲ့ရပြီး 18 လအနားယူခဲ့ရပြန်ပါတယ်။ ဒဏ်ရာကနေပြန်လာပြီးနောက် အသင်းခေါင်းဆောင် ဖြစ်လာပြီး 2007-08 ရာသီအတွက် အသင်းရဲ့ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ် ။ 2008-09 ရာသီမှာတော့ နယူးကာဆယ်ဟာ တန်းဆင်းခဲ့ရပြီး အံ့အားသင့်စရာအပြောင်းအရွေ့တစ်ခုအဖြစ် အိုဝင်ဟာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ယူနိုက်တက်သို့ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ 2012 ခုနှစ် စက်တင်ဘာလတွင် စတုတ်စီးတီးသို့ မပြောင်းမီ ယူနိုက်တက်မှာ 3 နှစ်ကြာနေခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ်တွင် ဂိုး 150 သို့မဟုတ် ထိုထက်ပိုပြီးသွင်းယူနိုင်သော ကစားသမား 10 ယောက်တွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် ဂိုး 100 ပြည့်သည့် အသက်အငယ်ဆုံး ကစားသမား လည်းဖြစ်ခဲ့ပါတယ်။ 2012-13 ရာသီကုန် ၊ 2013 ခုနှစ် မတ်လ 19 ရက်နေ့မှာတော့ အိုဝင် ဟာဘောလုံးကစားခြင်းမှအနားယူကြောင်းကိုကြေညာခဲ့ပါတယ်။


နိုင်ငံလက်ရွေးစင်အဖြစ် အိုဝင်ဟာ 1998 ခုနှစ်တွင် အင်္ဂလန်စီနီယာအသင်းတွင် ပထမဆုံးကစားခဲ့ပြီး ထိုအချိန်က အင်္ဂလန်ရဲ့အသက်အငယ်ဆုံးကစားသမားနှင့် အသက်အငယ်ဆုံးဂိုးသွင်း သူဖြစ်ခဲ့ပါတယ်။ 1998 ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ အာဂျင်တီးနားအသင်းနှင့်ပွဲစဉ်မှာ ကွင်းလယ်ကနေဆွဲပြေးပြီး သွင်းယူခဲ့တဲ့ဂိုးဟာ သူ့အား နိုင်ငံနှင့်နိုင်ငံတကာတွင် ထင်ပေါ်ကျော်ကြားစေခဲ့ကာ ကမ္ဘာ့ဘောလုံး လောကတွင် လူကြိုက်အများဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်လာစေခဲ့ပါတယ်။ ယူအီးအက်ဖ်အေ ယူရို 2000 ၊ 2002 ကမ္ဘာ့ဖလား နှင့် ယူရို 2004 တို့တွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး အင်္ဂလန်အတွက် အဓိကပြိုင်ပွဲ လေးကြိမ်ဆက်တိုက် ဂိုးသွင်းနိုင်သည့် တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ခဲ့သူပါ။ 2006 ကမ္ဘာ့ဖလားမှာ ကစားခဲ့ပေမယ့် ဒဏ်ရာရရှိခဲ့ပြီး တစ်နှစ်ကြာလောက် နားခဲ့ရပါတယ်။ အသင်းခေါင်းဆောင်အဖြစ် ရံဖန်ရံခါ ကစားခဲ့ရပြီး အင်္ဂလန်ရဲ့ 11 ယောက်မြောက် ပွဲအများဆုံး ကစားသမားဖြစ်ကာ စုစုပေါင်း 89 ပွဲကစားပြီး ဂိုးပေါင်း 40 ဂိုးသွင်းယူပေးခဲ့ပါတယ်။


လက်ရှိမှာတော့ ဂန္ထဝင်ကြီးအိုဝင်ဟာ 2013 ခုနှစ်မှာ ဘောလုံးလောကမှ အနားယူပြီးကတည်းက မြင်းမွေးမြူးလုပ်ငန်းရဲ့ ပိုင်ရှင်အဖြစ်လုပ်ကိုင်နေပြီး အားကစားပွဲများလေ့လာသူနှင့် အစီစဉ်တင် ဆက်သူအဖြစ်လုပ်ကိုင်နေပါတယ်။ သူဟာ ပရီးမီးယားလိဂ်သမိုင်း နှင့်သူ့မျိုးဆက်မှာ အကြီးကျယ်ဆုံး တိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံရထားပြီး မတ်လ 2004 ခုနှစ်တွင် ပီလီ မှရွေးချယ်တဲ့ ကမ္ဘာ့အကောင်းဆုံးဖီဖာ 100 စားရင်းထဲတွင်သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

#k9mmmedia
#England

#MichaelOwen

Related Sports News