အားကစားသတင်းများ

ဘောလုံးလောကရဲ့ ဖလားအစုံကို သိမ်းပိုက်ဖူးသူ (သို့) Special one မော်ရင်ဟို

blog image

March 15, 2025

  မော်ရင်ဟို က ဘောလုံးလောကရဲ့ အကောင်းဆုံးနည်းပြတွေထဲ ကတစ်ယောက်ဖြစ်ပြီး ဥရောပ အသင်းကြီးများစွာကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတစ်ယောက်ဖြစ်ပါတယ်။ ဘယ်သူမှ မထင်ထားတဲ့ ပေါ်တို အသင်းနဲ့ ချန်ပီယံလိဂ် ဖလားကိုသိမ်းပိုက်နိုင်ခဲ့ သလို  ချယ်ဆီး အသင်းအတွက်လည်း နှစ်ပေါင်း ၅၀ ကျော်ဝေးကွာနေတဲ့  ပရီးမီးယားလိဂ် ဖလားကို ချယ်ဆီး အသင်းကို ရောက်ရောက်ချင်းရာသီမှာပဲ  ယူပေးနိုင်ခဲ့ပြီး  အင်တာမီလန် တို့ အတွက် နှစ်ပေါင်း  ၄၅ နှစ်ကျော် ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရီးရဲလ် မက်ဒရစ် အတွက်လည်း  ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ကိုပါဒယ်ရေးဖလားကိုလည်းရယူပေးနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အတွက် ၉ နှစ်ခန့် ဝေးကွာနေတဲ့ ဥရောပ ဖလားကိုလည်း ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။   ဥရောပ အောင်မြင်မှုတွေ ဖြစ်တဲ့ ချန်ပီယံလိဂ် ၊ယူရိုပါလိဂ် နှင့် ကွန်းဖရက်လိဂ် သုံးခုစလုံးကို မတူညီတဲ့ အသင်းတွေနဲ့ သိမ်းပိုက်နိုင်တဲ့ ပထမ ဆုံးနည်းပြတစ်ယောက်လည်းဖြစ်ပါတယ်။


     အခုချိန်မှာ နန်းကျဘုရင်  တစ်ပါး ဖြစ်တဲ့ စပယ်ရှယ် ဝမ်းက ဘယ်သူနဲ့မှ မတူတဲ့ပုံစံတွေ ၊ တဖက် အသင်းကို သူ့ရဲ့စကားလုံးတွေနဲ့ ပွဲမစခင်ရော ပွဲအပြီးမှာရော ထိုးနှက်တက်ပြီး ၊ ပြောရင်ပြောတဲ့ အတိုင်း ဖြစ်အောင်လုပ်တက်တဲ့ မော်ရင်ဟို ဟာ  တစ်ချိန်က ဘောလုံးလောကကို လွှမ်းမိုးခဲ့တဲ့ နည်းပြတစ်ယောက်လဲဖြစ်ပါတယ်။  အသက် ၃၇ နှစ်ကတည်းက နည်းပြ ဘဝ စတင်ခဲ့ပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်နေတဲ့ ဘင်ဖီကာ အသင်းကို စတင် ကိုင်တွယ်ဖို့ ၆ လ စာချုပ်နဲ့ ဘင်ဖီကာ အသင်းထံ ရောက်ရှိခဲ့ပါတယ်။ မော်ရင်ဟို က သူ့ရဲ့ အရည်အချင်းတွေကို စမ်းသပ်ခွင့်ရရှိခဲ့ပြီး အစိတ်စိတ်အမွှာမွှာ ကွဲပြားနေတဲ့ ဘင်ဖီကာ အသင်းမှာ လူငယ်ကစားသမားကောင်းများနဲ့ ဝါရင့် စီနီယာ ကစားသမားတွေကို စုစည်းပြီး သေသေချာချာလေး ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့်  ဘင်ဖီကာ အသင်းရဲ့ ဥက္ကဋ္ဌ အပြောင်းအလဲဖြစ်ပြီးနောက် မော်ရင်ဟို တစ်ယောက် အဆင်မပြေဖြစ်ခဲ့ရာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ မော်ရင်ဟို တစ်ယောက် နောက်ထပ် အသင်းတစ်သင်း အနေနဲ့ ပေါ်တူဂီလိဂ် ရဲ့ အသင်းတစ်သင်းဖြစ်တဲ့ Uniao de Leiria  အသင်းကို ကိုင်တွယ်ခဲ့ပါတယ်။ မော်ရင်ဟို တစ်ယောက် အသင်းကို သေသေချာချာ တည်ဆောက်ပြီး လိဂ်ပြိုင်ပွဲ ၁၀ ပွဲမှာ ၈ပွဲနိုင် ၂ပွဲ သရေ ရှုံးပွဲမရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး သူ့ရဲ့အရည်အချင်းကို ပြသနိုင်ခဲ့ကာ ပေါ်တူဂီအင်အားကြီး ကလပ်များရဲ့ သတိထားစောင့်ကြည့်ခြင်းကို ခံခဲ့ရပါတယ်။ 


   ၂၀၀၂ ခုနှစ်မှာတော့ ပေါ်တို အသင်းက သူတို့အသင်းရဲ့ လစ်ဟာ နေတဲ့ နည်းပြရာထူး အတွက် မော်ရင်ဟိုကို ခန့်အပ်ခဲ့ပါတယ်။ မော်ရင်ဟို တစ်ယောက် ပေါ်တို အသင်းကို  ပထမ ရာသီမှာ ပဲ အကောင်ဆုံးပုံစံတွေနဲ့ ကိုင်တွယ်နိုင်ခဲ့ပြီး နောက်ရာသီ အတွက် လူအင်အား ဖြည့်တင်းမှုတွေကို ပြုလုပ်ခဲ့ပြီး ဆုဖလားတွေကို စတင်စိန်ခေါ်နိုင်ခဲ့ပါတယ်။ ဘယ်သူမှထင်ထားမှာ မဟုတ်တဲ့ ပေါ်တို အသင်းနဲ့ အတူ ချန်ပီယံလိဂ်ဖလားကြီး ကို သိမ်းပိုက်နိုင်ခဲ့ပြီး  ပြည်တွင်းဖလားတွေကိုလဲ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မော်ရင်ဟို ဆိုတဲ့ နာမည်က လူအများရဲ့ ပါးစပ်ဖျားမှာ ခပ်စိမ့်စိမ့်ကြားလာခဲ့ရပြီး ဥရောပ အသင်းတော်တော် များများက စိတ်ဝင်တစား စောင့်ကြည့်လာခဲ့ပါတယ်။  ၂၀၀၄ ခုနှစ် အရောက်မှာတော့ မော်ရင်ဟို တစ်ယောက် အင်္ဂလန် ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ ချယ်ဆီး အသင်းကို ရောက်ရှိခဲ့ပြီး အင်္ဂလန် မီဒီယာတွေ ရှေ့မှာ သူက စပယ်ရှယ်ဝမ်း တစ်ယောက်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ရောက်ရောက်ချင်းရာသီမှာပဲ စတန်းဖို့ ဘရစ် ကွင်းထဲကို ပရီးမီးယားလိဂ် ဖလား တစ်လုံးသယ်ဆောင်လာနိုင်ခဲ့ပါတယ်။ 


   မော်ရင်ဟို တည်ဆောက်ထားတဲ့ ခံစစ်ပိုင်းက အလွန်ကျစ်လစ် ပြီး တစ်ရာသီလုံးမှာ ဂိုး ၁၅ ဂိုးသာခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။မော်ရင်ဟို တစ်ယောက်  ရိုမန် အင်ပါယာ ကို တည်ထောင်ပေးခဲ့ရုံသာမက သမိုင်းအတွက် သူရဲကောင်းပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ မော်ရင်ဟို တစ်ယောက် ချယ်ဆီး အသင်းကို လူရိုသေရှင်ရိုသေ ဖြစ်အောင်လုပ်ပေးနိုင်ခဲ့ပြီး ဆုဖလားများစွာကို လည်း ချယ်ဆီး အသင်းနှင့်အတူ သိမ်းပိုက်နိုင်ခဲ့ပါတယ်။  မော်ရင်ဟို တစ်ယောက် အင်တာမီလန် အသင်းကို ကိုင်တွယ်စဥ်ကလည်း ချန်ပီယံလိဂ်  ဖလားအပါအဝင် တစ်နှစ်အတွင်း ဆုဖလား ၃ လုံးအထိရယူနိုင်ခဲ့သလို ရီးရဲလ် မက်ဒရစ် အရောက်မှာလဲ  ဂွာဒီရိုလာ ရဲ့ ဘာစီလိုနာ နဲ့ အကောင်းဆုံးယှဥ်ပြိုင်ခဲ့ပြီး ဘောလုံးပရိတ်သတ်တွေကို ဘောလုံးရသ အပြည့်အဝ ခံစားစေရမယ့်  el clasico ပွဲစဥ်တွေကို အကောင်းဆုံး ပြသနိုင်ခဲ့ကာ ဆုဖလားများစွာကို သိမ်းပိုက်နိုင်ခဲ့ပြီး ချယ်ဆီး တစ်ကျော့ပြန်နေ့ရက်တွေမှာလဲ ဆုဖလားတွေနဲ့ ဝေးကွာ မယ့် နည်းပြတစ်ယောက်တော့မဟုတ်ခဲ့ပါဘူး။မန်ချက်စတာယူနိုက်တက်နှစ်များမှာလဲ အသင်းရဲ့ အဓိက ကစားသမားတွေ  အကုန်နီးပါး ဒဏ်ရာပြသနာ ရှိနေတာတောင်မှ ယူရိုပါလိဂ် ဖလားကို ရအောင်ယူနိုင်ခဲ့ပါတယ်။ 


    တော်တင်ဟမ် အသင်းကို ဆုဖလားတွေမယူနိုင်ပေမယ့် ရိုးမား အသင်းအရောက်မှာ ဆုဖလားတွေနဲ့ ဝေးကွာနေတဲ့ ရောမသားတွေကို ကွန်းဖရက်လိဂ် ဖလားကို ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မော်ရင်ဟိုက အသင်းကြီးတွေနဲ့ရော ဘယ်သူမှ မထင်မှတ်ထားလောက်တဲ့ အသင်းတွေနဲ့လည်း ဆုဖလားတွေကို သိမ်းပိုက်ရင်း  သူက စပယ်ရှယ်ဝမ်း ဖြစ်ကြောင်း တစ်လောက လုံးကိုပြသနိုင်ခဲ့ပါတယ်။  ၂၀၂၄ အရောက်မှာတော့ မော်ရင်ဟို တစ်ယောက် တူရကီ ကလပ် ဖီနာဘာဂျီ အသင်းကို နည်းပြအဖြစ်ကိုင်တွယ်နေတာပဲဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့ ကွင်းဘေးစည်း ကနေ လုပ်နေတဲ့ အပြုအမူတွေ ၊ ‌ ထိထိရောက်ရောက်နဲ့ တစ်ဖတ်သားကို ခနဲတက်တဲ့ စကားပြောပုံတွေ ၊ ကြွကြွရွရွ စကားလုံး အလှတွေ ၊ အနိုင်ရဖို့ဆိုရင် ဘာလုပ်ရလုပ်ရဆိုတဲ့ ပုံစံတွေက မော်ရင်ဟို  ကို ဘောလုံးပရိတ်သတ်တွေရဲ့ ရင်ထဲမှာ မှတ်မိနေစေမယ့် အချက်ဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ကြည့်ရှူပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများ’ကြီးတင်ရှိပါတယ်။

#mmmedia  

#specialone

#José Mourinho

#coach

#chelsea