ညက်ညောတဲ့ ရွေ့လျားမှုတွေ၊ သေသပ်တဲ့ ဖြတ်ကျော်မှုတွေနဲ့အတူ သန်မာတဲ့ ကစားဟန်တွေ ပါး နပ်မှုတွေကို အကောင်းဆုံးပေါင်းစပ်ထားတဲ့ ကစားသမားကို ပြပါဆိုရင် အာဆင်နယ်ဂန္ထဝင် သီယာရီ အွန်နရီကို လက်ညှိုးထိုးပြရမှာမလွဲပါဘူး။ သူ့ခေတ် သူ့အခါကတော့ ပရီးမီးယားလိဂ်မှာ ကြောက်စရာအကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်ပြီး သူနဲ့ သူ့အစုအဖွဲ့ဟာ အာဆင်နယ်အသင်းရဲ့ ရွှေခေတ်ကို တည်ဆောက်ပေးခဲ့ကြသူတွေပါပဲ။ နေရာစုံမှာ တကယ့်ကို အားရစရာ ကစားသမားအစုအဖွဲ့ကို ပိုင်ဆိုင်ထားပြီး နည်းပြအဖြစ်လည်း အာစင်ဝင်းဂါးရဲ့အထက်မြက်ဆုံးအချိန်တွေလို့ဆိုနိုင်ပါတယ်။
ရှုံးပွဲမရှိ ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို စိုက်ထူပြခဲ့တဲ့ အသင်းရဲ့ ကစားသမားတစ်ယောက်လည်းဖြစ်တဲ့ အပြင် အဲဒီစံချိန်ကို အခုချိန်ထိ ပရီးမီးယားလိဂ်မှာ ဘယ်အသင်းကမှ ထပ်ယူမပြနိုင်တော့တာက လည်း သူတို့ ရေးထိုးခဲ့တဲ့ မှတ်တမ်းဟာ ဘယ်လောက်အထိ ထူးခြားသလဲဆိုတာကို ဖော်ပြနေပါ တယ်။ အာဆင်နယ်တင်မက ပြင်သစ်ရဲ့ အားအကိုးရဆုံး ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ခဲ့ပြီး ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားအပြင် ဥရောပဖလားကိုလည်း ၂၀၀၀ ခုနှစ်မှာ ပြင်သစ်နဲ့အတူ အရ ယူထားနိုင်ခဲ့သူပါ။ အဲဒီတုန်းက ပြင်သစ်ရဲ့ အစုအဖွဲ့ကလည်း ကြောက်စရာပါပဲ။
အွန်နရီက အန်သလီယန်းကျွန်းစုနွယ်ဖွားတွေကနေ ဆင်းသက်လာသူပါ။ အဲဒီကျွန်းစုတွေက ပြင် သစ်လက်အောက်ရောက်နေတဲ့ ကာရေဘီယံထဲက ကျွန်းစုတွေဆိုပါတော့။ သူ့အဖေ အန်တွန်းက ဂွါဒလူပေ ဒေသ လာ ဒီဆဲရာဒီ ကျွန်းစုပေါ်ကပါ။ သူအမေ မေရိစ်က မာတီနစ် ဆိုတဲ့ ကျွန်းစုလေးက လာတာဖြစ်ပါတယ်။ အွန်နရီကိုတော့ လက်စ်အူလစ် ဆိုတဲ့ ဒေသလေးမှာ မွေးတာပါ။ ကြမ်းတမ်း ခက်ခဲတဲ့ အရပ်ဒေသဖြစ်ပေမဲ့ ဘောလုံးကွင်းတွေနဲ့ လေ့ကျင့်ရေးအသင်းတွေ ရှိတာကြောင့် ဘော လုံးသမားတွေ ပေါ်ထွက်ဖို့ အခွင့်အရေးကောင်းတော့ အပြည့်ရှိတဲ့နေရာဆိုပါတော့။
အသက် ၇ နှစ်သားလောက်မှာကတည်းက သူက အလားအလာတွေ အများကြီးရှိတာကို မြင်နေရလို့ ဒေသခံကလပ် အိုလံပစ် လက်စ် အူလစ် ဆီကို ကလူဒီ ရှီဇဲ က ခေါ်ဆောင်သွားခဲ့ပါတယ်။ ရယ်ရတာက အစပိုင်းမှာ အွန်နရီက ဘောလုံးအပေါ် စိတ်ဝင်စားမှု သိပ်မရှိဘဲ လေ့ကျင့်ခန်းတွေ သိပ် မလုပ်ချင်ခဲ့တာကြောင့် သူ့အဖေ အန်တွန်းက တော်တော်ကြီးကို ဖိအားပေးယူခဲ့ရတာပါပဲ။ ဒီလို ချာ တိတ်က တချိန်မှာ မှော်ဝင်ဘောလုံးသမားတစ်ယောက်ဖြစ်လာမယ်လို့ ဘယ်သူမှ ထင်ခဲ့မှာမဟုတ် ပါဘူး။
၁၉၈၉ လောက်မှာ သူက ပါလာစီအူ အသင်းဆီကို ပူးပေါင်းပြီး လေ့ကျင့်ပါတယ်။ ဒါပေမဲ့ တစ်နှစ် လောက်ကြာတော့ သူ့အဖေက အဲဒီအသင်းတာဝန်ရှိသူတွေနဲ့ ပြဿနာတက်တာကြောင့် အသင်းက နေထွက်ပြီး ဗာရီ ရှတဲလီယွန် ဆိုတဲ့အသင်းနဲ့ သွားပူးပေါင်းခဲ့ပြန်ပါတယ်။ ယန်း မာရီး ပန်ဇာ ဆိုတဲ့ ပါလာစီအူ အသင်းရဲ့ နည်းပြကလည်း အွန်နရီနဲ့အတူ ဗာရီ ရှတဲလီယွန်ကို ပြောင်းလိုက်လာခဲ့တာပါ။ ပန်ဇာဟာ အွန်နရီ အနာဂတ်အတွက်တော့ အရေးပါတဲ့ ဆရာတစ်ယောက်ပါပဲ။
၁၉၉၂ ခုနှစ်လောက်မှာ မိုနာကို ကို အွန်နရီ ရောက်လာခဲ့ပြီး အသင်းရဲ့ အကယ်ဒမီမှာ ဆက်လေ့ကျင့် ခဲ့ပါတယ်။ အလားအလာအရှိဆုံးလူငယ်တွေထဲမှာ သူပါနေခဲ့ပါပြီ။ နောက်တော့ သူ မိုနာကို အသင်း ကြီးကို လူငယ်ကစားသမားအနေနဲ့ ရောက်လာပါတယ်။ အဲဒီအချိန် မိုနာကို နည်းပြက အာစင်ဝင်းဂါး ပါ။ ဝင်းဂါးက သူ့ကို တိုက်စစ်မှူးအနေနဲ့ သုံးသင့်တယ်လို့ ထင်နေခဲ့ပေမဲ့ ပွဲထုတ်တော့ တောင်ပံမှာပဲ စသုံးနေခဲ့တာပါ။
အရည်အချင်းတွေကြောင့် ၁၉၉၆ ခုနှစ်မှာ ပြင်သစ်အကောင်းဆုံး လူငယ်ကစားသမားအဖြစ် သတ် မှတ်ခံရသလို ၁၉၉၆-၉၇ က သူ့ရဲ့ခြေစွမ်းက အသင်းကို ပြင်သစ်လီဂူး -၁ ချန်ပီယံဖြစ်စေဖို့ ကူညီပေး နိုင်ခဲ့ပါတယ်။ ၁၉၉၇-၉၈ ခုနှစ်မှာလည်း သူက မိုနာကို ကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ ရောက် စေခဲ့တဲ့ အဓိကအခန်းကဏ္ဍက ကစားသမားပါ။ ဒါကြောင့်ပဲ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အ သင်းမှာ သူ့ကို ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီအသင်းထဲမှာ နာမည်ကျော်ကစားသမားတွေနဲ့အတူ ပါဝင်ခွင့် ရခဲ့တာပါ။
ပီတစ်၊ လီလီယန် သူရမ်၊ ဇီဒန်း၊ ဒက်ဆဲလီ၊ ဒက်ချမ့်၊ လောရင့်ဘလန့်၊ ဗီအဲရာ အပြင် ထရက်ဇီဂေး၊ ရောဘတ် ပီရက်ဇ်တို့လည်း ပါဝင်နေတဲ့ ပြင်သစ်အသင်းဟာ အဲဒီကမ္ဘာ့ဖလားကို အရယူနိုင်ခဲ့ပြီး အွန် နရီအတွက်လည်း တက်လမ်းက ဖြောင့်ဖြူးလို့နေခဲ့ပါပြီ။ ၁၉၉၉ ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ အီ တလီ အသင်းကြီးတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်စ်ကို ပေါင် ဆယ်သန်းခွဲနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲဒီကာလတွေက စီးရီးအေက ကမ္ဘာ့ဘောလုံးကို စိုးမိုးထားနိုင်တဲ့အချိန်တွေပါ။
အွန်နရီအတွက် ဂျူဗင်တပ်စ်နဲ့ ခရီးလမ်းက မဖြောင့်ဖြူးပါဘူး။ အီတလီမှာ သူက တောင်ပံ၊ ခံစစ်ကူ တောင်ပံ စတဲ့နေရာတွေ ကစားရပြီး ခံစစ်အားပြု ကစားဟန်နဲ့လည်း သူနဲ့ တော်တော်ကို အဆင်မ ပြေခဲ့တာပါ။ ၁၆ ပွဲကစားပြီး ၃ ဂိုးပဲသွင်းနိုင်ခဲ့တာကို ကြည့်ရင် သူရုန်းကန်ခဲ့ရတာ ထင်ရှားပါတယ်။ ဒါကြောင့်ပဲ ၁၉၉၉ ဇန်နဝါရီကမှ ရောက်လာတဲ့ အွန်နရီဟာ ၁၉၉၉ ဩဂုတ်မှာ ထပ်ပြီး ပြောင်းရွှေ့ခဲ့ ရပြန်တာပါ။ ဒီတခါတော့ သူ့ရဲ့အောင်မြေ အာဆင်နယ်အသင်းဆီကိုပါပဲ။
အာဆင်နယ်မှာ သူဘာတွေလုပ်ပြခဲ့သလဲ၊ သူ့ဆရာဟောင်း အာစင်ဝင်းဂါးက သူ့ကို ဘယ်လိုအ ရောင်တင်ပေးနိုင်ခဲ့သလဲဆိုတာက အားလုံးအသိပါပဲ။ ပရီးမီးယားလိဂ် ၂ လုံး၊ အက်ဖ်အေဖလား ၂ လုံး၊ ချန်ပီယံလိဂ် ဖိုင်နယ်တစ်ကြိမ်တက်နိုင်ခဲ့တာက သက်သေခံလို့နေပါတယ်။ အဲဒီအချိန်က ဆာ အဲလက်စ် ဖာဂူဆန်နဲ့ ၉၂ မျိုးဆက်အခြေခံ ယူနိုက်တက်တို့ အကြီးအကျယ်စိုးမိုးနေတဲ့ကာလကြီးပါ။ အဲဒီအချိန်မှာ ၃ နှစ်အတွင်း 𝐄𝐏𝐋 နှစ်လုံး ရယူခဲ့ပြီး ၂၀၀၃-၀၄ က ရှုံးပွဲမရှိအောင်မြင်မှုဟာ မှတ်တိုင်ပါပဲ။
၂၀၀၇ မှာတော့ အွန်နရီ ဘာစီလိုနာကို ရောက်သွားခဲ့ပြီး လာလီဂါ ၂ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်၊ ချန် ပီယံလိဂ် ၁ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်ကို ရယူပြနိုင်ခဲ့ ပြန်ပါတယ်။ ၁၉၉၈ မှာ ပြင်သစ်နဲ့ ကမ္ဘာ့ဖလားရခဲ့သလို ၂၀၀၀ ခုနှစ်မှာလည်း ဥရောပဖလားကိုပါ ရယူထားနိုင်လို့ အဲဒီနှစ်ခုလုံးကို ရဖူးတဲ့ လက်တဆုပ်စာ ကစားသမားတွေထဲမှာ သူပါပါတယ်။
၂၀၀၃ ခုနှစ် ဘောလွန်းဒီအောမှာ နက်ဗက်နောက် ဒုတိယနေရာပဲရရှိခဲ့သလို ဖေဘီယို ကန်နဗားရိုး ရသွားခဲ့တဲ့ ၂၀၀၆ မှာလည်း တတိယနေရာရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့အကြောင်းပြောရင် ဆုဖလားတွေ၊ ဆုတံဆိပ်တွေထက် သူ့ရဲ့ ရွှေ့လျားမှုတွေ၊ ပါးနပ်မှုတွေ၊ ထက်မြက်အကွက်မြင်တဲ့ ကစားဟန်တွေကပဲ ကာလအကြာကြီးထိ ပရိတ်သတ်တွေရော ပြိုင်ဖက်တွေကပါ ချီးကျူးတသသနဲ့ ရှိနေကြဦးမှာပါ။